ကိုဗစ်ကြောင့်ရပ်နားထားရသည့် ရွှေပြည်တန်အမြန်ရေယာဉ် မြို့နယ်သုံးခုသို့ လာမည့်အပတ်တွင် စတင်ပြေးဆွဲမည်

By Narinjara/ 2021 August 21

အောင်လင်းထွန်း၊ အေးမြတ်ခိုင်

ကိုဗစ်ကြောင့် ရပ်နားထားရသည့် ရွှေပြည်တန်အမြန်ရေယာဉ်သည် လာမည့် အပတ်မှစပြီး မြို့နယ်သုံးခုကိုစတင်ပြေးဆွဲရန် စီစဉ်နေကြောင်း ရွှေပြည်တန် ရေယာဉ်အမြန်ရေယာဉ် မန်နေဂျာ ဦးစံမော်သိန်း က ပြောသည်။

ပြန်လည်ပြေးဆွဲမည့် ခရီစဉ်များမှာ စစ်တွေ-ပေါက်တော၊ စစ်တွေ- မြောက်ဦး၊ စစ်တွေ- မင်းပြား ရေလမ်းကြောင်းနှင့် သြဂုတ်လကုန်တွင် ယခင် ပြေးဆွဲ နေသည့် မြို့များအားလုံးကို ပြန်လည် ပြေးဆွဲမည်ဟု ၎င်းက ပြောသည်။

“ကျနော်တို့က လာမည့်အပတ်မှစပြီး ပြေးဆွဲမှာဖြစ်တယ်။ ဆွဲမဲ့ရက် အတိအကျတော့ မသတ်မှတ်ရသေးဘူး။ ခုဆွဲမှာက ခရီးတိုတွေကို အရင်ဆွဲသွားမယ်။ ပြီးမှ ခရီးသွားသူတွေ အခြေအနေကြည့်ပြီး ဒီလကုန်ရင် နောက်ကျန်တဲ့ ကျောက်ဖြူ၊ တောင်ကုတ်တို့၊ ဘူးသီးတောင်တို့ကို ပြန်လည် ပြေဆွဲသွားမယ်” ဟု ဦးစံမော်သိန်းက ပြောဆိုသည်။

ကိုဗစ်ကာလတွင် ရေကြောင်းလမ်းပိတ်ထားသဖြင့် ကားလမ်းမှသွားရာတွင် စျေးအဆမတန် မြင့်တက်နေသည့်အတွက် ယခုလို ရွှေပြန်တန် ပြန်လည် ပြေးဆွဲမည်ကိုကြိုဆိုကြောင်း မြောက်ဦးမြို့ အောင်တပ်ရပ်ကွက်က ကိုမောင်မောင်ထွန်း ကပြောသည်။

“ဒီကာလမှာ ကားလမ်းတစ်ခုနဲ့ပဲသွားရလာရတော့ အဆင်မပြေဘူး။ မြောက်ဦး ကနေ စစ်တွေကို ကားစီးပြီးသွားနေရတာ ကားခဈေးတွေ အဆမတန် မြင့်နေတဲ့အတွက် ငွေကြေးအခက်အခဲတချို့ ဖြစ်ရတယ်။ အခုလို ရွှေပြည်တန် ပြန်လည်ပြေးဆွဲမဲ့ ခရီးစဉ်ကို ကြိုဆိုပါတယ်” ဟု ပြောသည်။

စစ်တွေကို ဗဟိုပြုပြီး ရခိုင်မှ မြို့အများအပြားသို့ ပြေးဆွဲနေသည့် အဆိုပါ ရွှေပြည်တန်အမြန်ယာဉ် ရေယာဉ်သည် ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးအတွက် ခရီးစဉ်အားလုံးကို ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့ကစပြီး ရပ်နားထားခဲ့ခြင်း ဖြစ်သည်။

ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းသည် စစ်တွေကို ဗဟိုပြုပြီး မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်‌တော၊ ကျောက်ဖြူ၊ ကျောက်နီမော်၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မြေပုံ၊ မာန်အောင် မြို့များသို့ ပြေးဆွဲနေသည့် အမြန်ရေယာဉ်လိုင်းတစ်ခုလည်းဖြစ်သည်။

လက်ရှိတွင် ရခိုင်တွင်ပြေးဆွဲနေသည့် အမြန်ရေယာဉ်အားလုံးထဲတွင် စစ်တွေ၊ ကျောက်ဖြူကို ပြေးဆွဲနေသည့် ဂျပန်က လှူဒါန်းထားသည့် ကစ္စပနဒီ ရေယာဉ် တစ်ခုသာပြေးဆွဲလျှက်ရှိကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4607706415908066

Leave a Reply

Your email address will not be published.