By Western News/ 2021 August 28

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သက္ကယ်ပြင် မွတ်ဆလင် IDP စခန်းတွင် ယနေ့ ဩဂုတ်လ၂၈ ရက်က ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်းကို သတင်းယူခွင့်ကန့်သတ်လိုက်ကြောင်း သတင်းသွားယူသည့်သတင်းထောက်များက ပြောသည်။
ဒုက္ခသည်များအား ကိုဗစ်ကာကွယ်ဆေး ထိုးပေးခြင်းကို သတင်းယူခွင့် ဓာတ်ပုံရိုက်ခွင့်မရကြောင်းနှင့် ပြည်နယ် အစိုးရ ခွင့်ပြုချက်ပါမှသာ သတင်းယူခွင့်ရမည်ဖြစ်ကြောင်း လုံခြုံရေးတာဝန်ယူထားသည့်ရဲတပ်ဖွဲ့ဝင်ကပြောသည်ဟု Western News သတင်းဌာနမှ သွားရောက်သတင်းယူခဲ့သည့် လက်ထောက်အယ်ဒီတာ ကိုထွန်းသာကပြောသည်။
“သတင်းယူခွင့် ဓာတ်ပုံရိုက်ခွင့်မရဘူး။ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်ရမှပဲ သူတို့က သတင်းယူခွင့် ဓာတ်ပုံရိုက်ခွင့်ရမယ်တဲ့။ ကျွန်တော်တို့ အရင်ကိုဗစ် ကာကွယ်ဆေးထိုးတုန်းကလဲ သတင်းယူတာတွေ၊ ဓာတ်ပုံရိုက်တွေရှိခဲ့တာပဲ။ ခုကျမှပဲ ပြည်နယ်အစိုးရက ခွင့်ပြုချက်လိုတယ်ဆိုတော့ မဖြစ်သင့်တဲ့ ကိစ္စ ပဲ” ဟုပြောသည်။
ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်းကိုပင် သတင်းမီဒီယာများကို ခွင့်မပြုသည့်အတွက် သတင်းမီယာများမှ သတင်း သမားများ၏ လွတ်လပ်စွာသတင်းရယူခြင်းကိုမေးခွန်းထုတ်စရာဖြစ်လာသည်ဟု ရခိုင်အခြေစိုက်နိရဉ္စရာသတင်းဌာနမှ သတင်းထောက် ကိုသျှင်မင်းဇံကပြောသည်။
“ပြည်နယ်အစိုးရက ခွင့်ပြုချက်ရမှပဲ သတင်းယူခွင့်ရမယ် ၊ပုံရိုက်ခွင့်ရမယ်ဆိုလို့ ကျွန်တော်တို့ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကိုဆက်သွယ်တော့ အဲ့ဒီကိစ္စနဲ့ပတ်သတ်လို့ သူ့ကိုတာဝန်ပေးထားတာမရှိဘူးတဲ့။ ပြည်နယ်က ပြောရေး ဆို ခွင့်ရှိသူကတောင်မသိဘူးဆိုတော့ကျွန်တော်တို့ ဘယ်သူ့ဆီက ခွင့်ပြုချက်တောင်းရမှာလဲ။ ပြီးတော့ ဒီဟာက ပြည်နယ်အစိုးရကနေ ထိုးပေးတဲ့ ကိုဗစ်ကာကွယ်ဆေးကို ကျွန်တော်တို့က ပြည်သူတွေကို သတင်းနဲ့ချပြပေးရုံပါပဲ။ ကိုဗစ်ကာကွယ်ဆေးထိုးတာကိုတောင် သတင်းယူခွင့်မရတော့ သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာသတင်းရယူ ခွင့်က မေးခွန်း ထုတ်စရာဖြစ်လာတာပေါ့” ဟုပြောသည်။
လက်ရှိ ဒုက္ခသည်များကိုထိုးပေးသည့် ကိုဗစ်ကာကွယ်ဆေးမှာ တရုတ်နိုင်ငံထုတ် Sinovac အမျိုးစား ကိုဗစ်ကာ ကွယ်ဆေးဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်နေ့ ရခိုင်သို့ ဆေးလုံးရေ ၂၅၀၀၀ ခန့် ရောက်ရှိနေကာ ရခိုင်စစ်ဘေး ဒုက္ခသည်များနှင့် မွတ်ဆလင်ဒုက္ခသည် စုစုပေါင်း လူဦးရေ ၅၀၀၀၀ ကိုထိုးနှံပေးမည်ဖြစ်ကြောင်းပြည်နယ် ကျန်းမာရေးဦးစီးဌာနကပြောထားသည်။
ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်းကို သတင်းမီဒီယာများအား သတင်းခွင့်မပြုမှုနှင့် ပတ်သတ်၍ Western News က ရခိုင်ပြည်နယ် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို ဆက်သွယ်သည့်အခါ ၎င်းမှာ မအားကြောင်း ကိုယ်ရေးအရာရှိက ပြန်လည်ဖြေဆိုခဲ့သည်။
ယင်းပြင် ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကိုလည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ မေးမြန်းရန် ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းစတင်သည့် မေလ ၁၂ ရက်နေ့မှ ဩဂုတ်လ ၂၆ ရက် ညနေ ၅ နာရီအထိ ကိုဗစ်ပိုးတွေ့သူ ၃၉၃၉ ဦးနှင့် သေဆုံးသူ ၃၇၇ ဦးရှိကြောင်းပြည်နယ် ကျန်းမာရေးဦးစီးဌာနမှသိရသည်။
https://www.facebook.com/westernnewsagency/posts/359188009221043