ULA ၏ ကိုဗစ်နှင့်ပတ်သက်သော ထုတ်ပြန်ချက်အပေါ် အရပ်ဖက်အဖွဲ့အစည်းများနှင့် ရခိုင်ငံရေးအသိုင်းဝိုင်းမှ လက်ခံ

By Development Media Group (DMG)/ July 20

Photo – Rakhine Covid19 Watch

ရခိုင်ပြည်အတွင်း ကိုဗစ်ရောဂါဆက်လက်မပြန့်ပွားစေရန်အတွက် မိမိနေအိမ်တွင်နေထိုင်ကြရန် (Stay at Home)ကာလ ရက်သတ္တပတ် ၂ ပတ်ခန့် သတ်မှတ်ကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Stay at Home ကာလ ၂ ပတ်ခန့်မှာ ဇူလိုင် ၂၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ သတ်မှတ်ထား ကြောင်းနှင့် ထိုကာလအတွင်း စားဝတ်နေရေးခက်ခဲသော ပြည်သူလူထုအတွက် ဝိုင်းဝန်းဖြေရှင်းပေးကြ ရန်လည်း ULA က တိုက်တွန်းထားသည်။

ထိုသို့ ULA ၏ ထုတ်ပြန်ချက်အပေါ်ကြိုဆိုရန်လိုအပ်ကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်းဒေးရှင်း အမှုဆောင် ဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောသည်။

“ULA ၏ ထုတ်ပြန်ချက်ကတော့ ကောင်းတယ်။ ဘာပဲပြောပြော ULA အပေါ်မှာ ယုံကြည်မှုတွေရှိကြတယ် ဆိုတော့ ULA ၏ ထုတ်ပြန်ချက်အပေါ်မှာ ပြည်သူတွေကလည်း လိုက်နာဖို့လိုတယ်။ နောက်တစ်ခုက ဒီလို ထုတ်ပြန်ချက်မျိုးက ပြည်နယ်ကောင်စီကလည်းထုတ်ပြန်ဖို့လိုတယ်” ဟု ဦးခိုင်ကောင်းစံက ဆိုသည်။

ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဖေသန်းကမူ Stay at Home သတ်မှတ်ထားသည့်ကာလအတွင်း လူထု၏ ဆင်းရဲမွဲတေမှု၊ ထုတ်ပြန်ချက်အပေါ်အလေးထားမှု၊ အုပ်ချုပ်ရေးအဖွဲ့များ၏ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှုအပိုင်းတို့မှာ အရေးကြီးကြောင်း သုံးသပ်ပြောဆိုသည်။

“လူတွေကဆင်းရဲကြတော့ အိမ်ကနေ အပြင်မထွက်ဘဲနဲ့ စားဝတ်နေရေးပြေလည်မှာလားဆိုတာ တစ်ခုတော့ ရှိတယ်။ အဲဒါကြောင့် တိတိကျကျလိုက်နာနိုင်ရင်တော့ကောင်းပါတယ်။ ဒါပေမယ့် လူတွေရဲ့ဆင်းရဲမှု၊ ထုတ်ပြန် ချက်အပေါ်အလေးထားမှု၊ နောက်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ဒီအပေါ်မှာ ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်မှု ဒီအချက်သုံးချက်ကတော့ အရေးကြီးမယ်” ဟု ၎င်းကရှုမြင်သည်။

ULA ၏ ထုတ်ပြန်ချက် ထိရောက်မှု ရှိ၊ မရှိဆိုခြင်းမှာလည်း ပြည်သူများအနေဖြင့် ULA/AA အပေါ်၌ လေးစား ချစ်ခင်မှုဖြင့်လိုက်နာလျှင် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်းလည်း ဦးဖေသန်းက ဆိုသည်။
လက်ရှိအချိန်ထိ သက်ဆိုင်ရာ ပြည်နယ်ကောင်စီမှ ရခိုင်ပြည်နယ်အတွင်း Stay at Home နေထိုင်ရန် ထုတ်ပြန် ထားခြင်း မရှိသေးပေ။

Stay at Home ၂ ပတ်သတ်မှတ်ခြင်းမှာ ရောဂါဖြစ်ပွားမှုနှုန်းကို တစ်စုံတရာထိန်းချုပ်နိုင်မည့် အခြေအနေတွင် ရှိသော်လည်း အခြေခံလူတန်းစားများနှင့် စစ်ရှောင်များ၏ စားဝတ်နေရေးအပိုင်းတွင် သက်ရောက်မှု များနိုင်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

“ပမာနအများကြီးထောက်ပံ့ဖို့ဆိုတာကလည်း အဖွဲ့အစည်းတစ်ခုတည်းအတွက် လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ ဒါကြောင့် သာမန်ပြည်သူတွေအနေနဲ့ကတော့ အိမ်နားပတ်ဝန်းကျင်မှာ မတတ်နိုင်တဲ့သူကို တတ်နိုင်သူတွေက Stay at Home နေလို့ရှိရင် လိုအပ်တာတွေကို ကူညီပေးဖို့လိုမယ်။ နောက် IDP တွေ အတွက်ကျတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရနဲ့ အဖွဲ့အစည်းတွေကတာဝန်ရှိသူတွေက ပေါင်းစပ်ပြီတော့ ပံ့ပိုးသွားဖို့ လိုမယ်။ အဲဒါကိုလည်း ခွင့်ပြုဖို့လိုတယ်” ဟု ကိုဇော်ဇော်ထွန်းကဆိုသည်။

Stay at Home ကာလ သတ်မှတ်ထားသော်လည်း မလွှဲမရှောင်သာသွားရမည့် ကိုဗစ်ကာကွယ်တားဆီးရေး အတွက်သော်လည်းကောင်း၊ စားဝတ်နေရေးထောက်ပံ့ပေးသည့် ပုဂ္ဂိုလ်များအတွက်သော်လည်းကောင်း အကာအကွယ်ပစ္စည်းအပြည့်အစုံဖြင့် သွားလာမှုများကို နားလည်ခွင့်လွှတ်ရန်လိုအပ်ကြောင်းလည်း ကိုဇော်ဇော်ထွန်းကပြောသည်။

ULA ၏ Stay at Home သတ်မှတ်ကာလအတွင်း အပြင်မထွက်ဘဲ မိမိနေအိမ်၌ နေထိုင်ကြရန်နှင့် စည်းကမ်း မလိုက်နာသူများကို ကိုဗစ်စည်းကမ်းနှင့်အညီ နည်းလမ်းတကျ ထိထိရောက်ရောက် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းသို့ Stay at Home ထုတ်ပြန်ထားသည့် ၂ ပတ်တာကာလအတွင်း COVID-19 ရောဂါပိုး ကူးစက်ပြန့်ပွား မှုနှုန်း၊ သေဆုံးနှုန်းအပေါ်မူတည်၍ လိုအပ်လျှင်ထပ်မံထုတ်ပြန်ထားသွားမည်ဖြစ်ကြောင်း ULA က ဆိုထားသည်။

https://www.facebook.com/dmgnewsagency/posts/2065510123601388

Leave a Reply

Your email address will not be published.