Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ ရခိုင်သို့လာရောက်သူများကို Quarantine ထားရှိသွားမည်

By Development Media Group (DMG)/ July 14

လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home သတ်မှတ်ထားသည့်မြို့နယ်များမှ ရခိုင်သို့လာရောက်သူများကို Quarantine ထားစောင့်ကြည့်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးလှသိန်းက ဇူလိုင် ၁၄ ရက်က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ ကူးသန်းသွားလာမှုများကို မပိတ်စေရန် ကြိုးပမ်းလျှက်ရှိပြီး ရခိုင်ပြည်နယ်သို့ဝင်ရောက်လာမည့် လမ်းသုံးသွယ်(ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း)များအား ပိုမိုထိမ်းချုပ်သွားရန် ရည်ရွယ်ထားကြောင်း ၎င်းကပြောကြားသည်။

“လက်ရှိ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၉၇ မြို့နယ်က Home Stay သတ်မှတ်ထားတာရှိပါတယ်။ ဒီတော့ ရခိုင်ကိုလာတဲ့လူတွေအနေနဲ့ လိပ်စာတွေပါလာရမယ်။ ဒါတွေကိုစစ်ဆေးပြီး Home Stay မြို့ကလာရင် Quarantine ထားသွားမှာ ဖြစ်ပါတယ်” ဟု ဦးလှသိန်းကပြောသည်။

ထို့အပြင် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ မဟုတ်သည့်လူများကိုမူ နေရပ်လိပ်စာအတိအကျကို မေးမြန်းကာ စာရင်းနဲ့တကွ ထားရှိသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ရခိုင်ပြည်နယ်အတွင်းမှာ သွားလာတာကိုတော့ မကန့်သတ်ဘူး။ သို့သော် ရခိုင်ပြည်နယ်အတွင်းကို ဝင်လာမယ့် အခြားသူတွေအနေနဲ့တော့ လေဆိပ်မှာဖြစ်ဖြစ်၊ ရေကြောင်းမှာဖြစ်ဖြစ် ၊ ကုန်းကြောင်းကပဲဖြစ်ဖြစ် Home stay လုပ်ရမယ့် မြို့ကလာရင် Quarantine ဝင်ရမှာဖြစ်ပါတယ်” ဟု ဦးလှသိန်းက ရှင်းပြသည်။

ယခုကဲ့သို့ Quarantine ထားရှိခြင်းဖြင့် COVID-19 ကို ထိန်းချုပ်ရန်ကြိုးစားသည်မှာ အဖြေမဟုတ်ကြောင်း ရခိုင်ရှေ့ဆောင် အမျိုးသမီးများကွန်ယက်မှ ဥက္ကဋ္ဌ စောစံငြိမ်းသူက ဆိုသည်။

“လက်ရှိ စစ်တွေမြို့ပေါ်မှာတောင် သေသေချာချာ ထိန်းချုပ်တာတွေလုပ်နိုင်တာ မတွေ့ရသေးဘူး။ ဒါကို နယ်စပ်ကလာတဲ့လူတွေကို ထိန်းချုပ်မယ်ဆိုရင် အချိန်အတိုင်းအတာနဲ့ ထိန်းချုပ်မှာလား။ တစ်နေရာနဲ့တစ်နေရာသွားလာတာ ကန့်သတ်မှာလားဆိုတာ သိဖို့လိုတယ်။ နောက်ပြီး Q ဝင်တဲ့လူတွေကို ဘယ်လောက်ထိ တာဝန်ယူမလဲဆိုတာကိုလဲ စဉ်းစားဖို့လိုတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဒုတိယလှိုင်းကလည်း ထောက်ပံ့မှုမပြည့်စုံသည့် Quarantine Center များတွင် ကိုယ်တိုင် နေထိုင်ခဲ့ရသည့်အတွက် ယခုကဲ့သို့ ပြောကြားရခြင်းဖြစ်ကြောင်းလည်း သူမက ဆိုသည်။

ဇူလိုင်လ ၁၃ ရက်နေ့ ညနေငါးနာရီအချိန်အထိ ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါကူးစက်ခံရသူ ၉၉၆ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူဦးရေ ၃၉၆ ဦးနှင့် သေဆုံးသူ ၁၆ ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2061082714044129

Leave a Reply

Your email address will not be published.