By Western News/ 2021 July 19

၃ လကြာပိတ်ထားသည့် ရခိုင်ပြည်နယ်ရှိ ကမ်းဝေး ငါးဖမ်းလုပ်ငန်းများကို ဇူလိုင် ၁၆ ရက်နေ့မှစ၍ ၂ ပတ်စော၍ ပြန်လည်ငါးဖမ်းခွင့် ပြုလိုက်သည်ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှပြောသည်။
ကမ်းဝေးငါးဖမ်းလုပ်ငန်းများကို ငါး၊ ပုဇွန်သားဖွားရာသီဖြစ်သည့် မေလလောက်မှစ၍ စတင်ငါးဖမ်းခွင့်ကို ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၆ ရက်နေ့မှ ပြန်လည် ငါးဖမ်းခွင့် ပြုခြင်းဖြစ်သည်။ သတ်မှတ်ပြန်ဖွင့်ချိန်တွင် ကိုဗစ်စည်းမျဉ်းများ အပါအဝင် ငါးလုပ်ငန်းလုပ်ကိုင် သူများ၏ ဝင်ငွေများထိခိုက်မှု မရှိစေရန်အတွက် ဖြေလျော့လိုက်ခြင်းဖြစ်သည်ဟု ပြည်နယ် ငါးလုပ်ငန်းညွှန့်ကြားရေးမှူးဦးသန်းဦးက Western News ကိုပြောသည်။
“ဇူလိုင် ၁၅ ရက်နေ့ကစပြီး ငါးဖမ်းစက်လှေရဲ့ ၅၀ ရာခိုင်နှုန်း ကိုစပြီး ငါးဖမ်းခွင့်ပြုထားပါတယ်။ ပြန်ပြီးဖွင့်ရတဲ့ အချိန်ကျရင် ကိုဗစ်ကြောင့် လူစုလူဝေးဖြစ်မှာစိုးရိမ်တာတွေ၊ နောက်ပြီး ကိုဗစ်ကြောင့် သူတို့ထိခိုက်နေတဲ့ စီးပွားရေး အဆင်ပြေစေရန် အတွက် ၁၅ ရက်ခန့်စောပြီး ဖြေလျော့ပေးတာပါ” ဟုသူကပြောသည်။
ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီး မှူးဦးကျော်ဆန်းက “ငါးဖမ်းလှေတွေကို အဝင်အထွက်စစ်ဆေးတာနှစ်ခုရှိတယ်။ ကျောက်ဖြူမြို့နယ် င/လပွေ့နဲ့ သံတွဲမြို့နယ်သပြုချိုင်းတို့မှာ ရှိတယ်” ဟုပြောသည်။
လက်ရှိတွင် ငါးဖမ်းလုပ်ငန်း အမျိုးအစားအလိုက် ၅၀ ရာခိုင်နှုန်းခန့် ခွင့်ပြုထားပြီး ငါးဖမ်းလှေ ၆၀ ကျော်ခန့် ရခိုင်ရေပိုင်နက်ထဲတွင် ငါးဖမ်းဆီးလျှက်ရှိသည်ဟု သိရသည်။
https://www.facebook.com/westernnewsagency/posts/333138481825996