By Western News/ 2021 July 9
နိုင်ငံတော်အကြည်ပျက်စေမှု ၅၀၅ (ခ)နှင့် ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ဇူလိုင်လ ၉ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံး၌ video conferencing ဖြင့်ရုံးထုတ်စစ်ဆေးခဲ့သည်။
ယနေ့ဇူလိုင် ၉ ရက်နေ့ ရုံးချိန်းတွင် ဦးညီပုအား ၅၀၅ (ခ) အားစွဲချက်တင်ခဲ့ပြီး လာမည့် ၂၂ ရက်နေ့ရုံးချိန်းတွင် တရားလိုအပါဝင် လိုပြသက်သေ နှစ်ဦးအား ထပ်မံစစ်ဆေးမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်း Thazin Legal Institute မှရှေ့နေဦးအောင်စစ်မင်းကပြောသည်။
“ဒီနေ့စွဲချက်တင်ပါတယ်။ ၅၀၅ (ခ)နဲ့ ကျူးလွန်တဲ့အတွက် စွဲချက်တင်ပါတယ်။ နောက်ရုံးချိန်းကတော့၂၂ ရက်နေ့ပါ။ ကျွန်တော်တို့ ဖက်ကတော့ အရင်စစ်ပြီးသား လိုပြသက်သေ ၃ ယောက်ကိုတော့ပြန်ပြီးခေါ်စစ်မယ်လို့ လျှောက်ထားပါတယ်။ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်း အပါဝင် ၃ ယောက်ပါ။ အရင်မမေးရသေးတဲ့ ဟာတွေကိုထပ်စစ်မှာပါ” ဟုရှေ့နေကပြောသည်။
ရှေ့နေဦးအောင်စစ်မင်း (သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်း Thazin Legal Institute)
ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည် စစ်တပ်ကအာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ပထမဆုံးအကြိမ် ထိန်းသိမ်းခံရပြီး နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။
ယင်းနောက် ဖေဖော်ဝါရီလ ၉ ရက်နေ့က Facebook လူမှုကွန်ရက်ပေါ်တွင် “ ပြည်သူသို့ပန်ကြားချက်” ခေါင်းစဉ်ဖြင့်စစ်အာဏာရှင်ကိုကန့်ကွတ်ကြောင်း ဗွီဒီယိုတင်ခဲ့သည်အတွက် ထပ်မံဖမ်းဆီးခံခဲ့ရသည်။
ဝန်ကြီးချုပ် ဦးညီပုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညနေပိုင်းအချိန်ကစစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ပူပေါင်းကာနေအိမ်အတွင်း လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဦးညီပုအမှုတွင်စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သိန်းကတရားလိုပြုလုပ်ပြီး လိုပြသက် သေများဖြစ်ကြသည့် မကျဉ်းမြိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးသိန်းရွှေ၊ ဒုတိယဦးစီးမှူးဦးဝင်းမောင်၊ ဦးမျိုးဇေယျာဝင်းနှင့် ဦးကျော်မင်းနိုင်တို့ဖြစ်ကြသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင်မြို့နယ်၅မြို့နယ်မှရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ၅ ဦး၊ အတွင်းရေးမှူးတစ်ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ NLD ပါတီဝင်၄ ဦး၊ဒေသခံ ၆ ဦးစုစုပေါင်း ၁၉ ဦးဖမ်းဆီးထိန်းသိမ်းခံရပြီး ၎င်းတို့အထဲမှဦးညီပုမှ လွဲ၍ ကျန်သောသူများအားအာဏာသိမ်းစစ်ကောင်စီကပြန်လည်လွှတ်ပေးခဲ့သည်။
https://www.facebook.com/westernnewsagency/posts/326404165832761