အိမ်တွင်းကုသနေသူ ကိုဗစ်လူနာတစ်ဦး ရမ်းဗြဲဆေးရုံတွင် သေဆုံး

By Narinjara/ 2021 July 28

အောင်ဇံ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့မှ သက်ကြီးပိုင်း ကိုဗစ်လူနာတစ်ဦးသည် ယနေ့ညတွင် ရမ်းဗြဲဆေးရုံ၌ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ လေးတောင်မြို့ အမှတ်(၁)ရပ်ကွက်မှ အသက်( ၇ဝ)အရွယ် ကိုဗစ်လူနာဖြစ်ပြီး ယနေ့ ဇူလိုင်လ (၂၈)ရက်နေ့ ည (၉)နာခန့်တွင် သေဆုံးသွားခြင်းဖြစ်သည်ဟု လေးတောင်မြို့ ကိုဗစ်ကာကွယ်ကော်မတီမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးတင်မိုးက ပြောသည်။

“ဒီနေ့ ည(၉)နာရီ ခန့် ကဆုံးတာပါ။ မနေ့ညက ရမ်းဗြဲဆေးရုံကိုပို့လိုက်တာ။ အိမ်မှာပဲ ကုနေသူပါ။ အနံ့မရတာကနေပြီးတော့ မနေ့က အောက်ဆီဂျင်ကျလာလို့ ရမ်းဗြဲကိုပို့လိုက်ရတာ။” ဟု နိရဥ္စရာသို့ ပြောသည်။

ယနေ့သေဆုံးသည့် လူနာသည် ကိုဗစ်သံသယရှိသော်လည်း ၎င်း၏အိမ်တွင် လေးတောင်တိုက်နယ်ဆေးရုံမှ အထက်တန်းသူနာပြုတစ်ဦးနှင့် ကုသနေပြီး ယမန်နေ့က အရေးပေါ် အောက်ဆီဂျင် လိုအပ်လာသဖြင့် ရမ်းဗြဲဆေးရုံသို့ ပို့လိုက်ပြီးနောက် ယနေ့တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အထက်တန်းသူနာပြုသည် လေးတောင်မြို့တွင် လှည့်လည်ဆေးကုသနေသူဖြစ်သဖြင့် ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း ဦးတင်မိုးက ပြောသည်။ လက်ရှိတွင် ၎င်းသူနာပြု ဝင်ထွက်သွားလာခဲ့သော အိမ်များကို ယာယီအသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။

ယခုသေဆုံးသွားသူသည် ရမ်းဗြဲမြို့နယ်တွင် ကိုဗစ်ရောဂါကြောင့် ပထမဆုံးသေဆုံးသူလည်းဖြစ်သည်။

ယနေ့ဇူလိုင် (၂၈) ရက်နေ့အထိ ရမ်းဗြဲဆေးရုံတွင် ကိုဗစ်လူနာ (၆၇)ဦးရှိပြီး (၃)ဦးမှာ အောက်ဆီဂျင်ပေးထားရကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4536232283055480

Leave a Reply

Your email address will not be published.