အမ်းလျှပ်စစ်ဓါတ်ခွဲရုံတွင် မီးလောင်ကျွမ်းမှုဖြစ်၍ နေရာ ၄ ခုတွင် ၄ ရက်ခန့်ကြာမီးပြတ်တောက်မည်

By Western News/ 2021 July 26

ရခိုင်ပြည်နယ်၊ အမ်းမြို့ ဇာဒီမော် လျှပ်စစ်ဓါတ်အားခွဲစက်ရုံအတွင်း ဆီယိုစိမ့်မှုဖြစ်၍ မီးလောင်ကျွမ်းမှုဖြစ်ကာ အမ်းမြို့အတွင်းအပါအဝင် နေရာ ၄ ခုတွင် ၄ ရက်ခန့် ကြာမီးပြတ်တောက်မည်ဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။

စက်ရုံတွင်းဆီယိုစိမ့်ကာမီးလောင်ကျွမ်းမှုဖြစ်ခဲ့သောကြောင့် ပြန်လည်ပြုပြင်ရန်အတွက် အချိန်အားဖြင့် ၃ ရက် ၄ ရက်ခန့်ကြာ မီးပြတ်တောက်နိုင်သည်ဟုဇာဒီမော်လျှပ်စစ်ဓါတ်အားခွဲစက်ရုံမှလက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်စိုးက Western News သို့ပြောသည်။

“ကျွန်တော်တို့ ဓါတ်ခွဲရုံထဲမှာရှိတဲ့ transformer တစ်ခု ဆီယိုဆိမ့်မှုဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်လို့ ချို့ယွင်းသွားတာကြောင့် ကျွန်တော်တို့ ခွဲရုံကနေ မီးအားဖြန့်ဖြူးပေးတဲ့နေရာတွေကို မီးမပေးနိုင်ဘူးပေါ့။ ကျန်တဲ့နေရာတွေက တော့အားလုံး မီးပေးထားပါတယ်။ အဲ့ဒီလို ချို့ယွင်းသွားတာကို ပြန်ပြုပြင်ဖို့အတွက် ၃ ရက် ၄ ရက်လောက်တော့ မီးပြတ်တောက်နိုင်ပါတယ်” ဟုပြောသည်။

လက်ရှိတွင် ယင်းသို့ချို့ယွင်းမှုကြောင့် အဆိုပါ ဓါတ်အားခွဲရုံမှ လျှပ်စစ်ဖြန့်ဖြူးပေးနေသည့် အမ်းမြို့တွင်း၊ တပ်တောင်မြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တို့တွင် မီးပြတ်တောက်နေ ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

အမ်းမြို့ပေါ်ဒေသခံတစ်ဦးဖြစ်သည့် ဦးကိုဇော်က“ ဒီနေ့ မနက် ၃ နာရီလောက်ကတည်းက မီးပြတ်သွားတာပါ ခင်ဗျာ။ ဓါတ်အားခွဲ ရုံမှာ ချို့ယွင်းမှုဖြစ်နေတာကြောင့်လို့သိရတယ်။ လျှပ်စစ်မီးနဲ့ဘဲ ချက်ပြုတ်စားသောက်ကြတာများတော့ ချက်ပြုတ်စားသောက်ဖို့ အခက်ကြုံပါတယ်” ဟုပြောသည်။

ဇာဒီမော် ဓါတ်အားခွဲရုံမှာ မင်းဘူးနှင့် ကျောက်ဖြူမြို့များတစ်ဆင့် လျှစ်စက်မီး ခွဲယူထားခြင်းဖြစ်ပြီး၎င်း ဇာဒီမော်ဓါတ်အားခွဲ ရုံမှ တစ်ဆင့် ပုဏ္ဏားကျွန်းသို့လည်း ဓါတ်အားခွဲပေးထားကြောင်း တာဝန်ရှိသူက Western News ကိုပြောသည်။

https://www.facebook.com/westernnewsagency/posts/337648261375018

Leave a Reply

Your email address will not be published.