အမ်းမြို့နယ်၊ ကျောက်ဆင်ကျေးရွာမှ ဒေသခံနှစ်ဦး မိုင်းထိမှန်၍ ပြင်းထန်ဒဏ်ရာရ

By Western News/ 2021 July 10

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စု၊ ကျောက်ဆင်ကျေးရွာမှ ဒေသခံနှစ်ဦး ယနေ့ဇူလိုင် ၁၀ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်က ကျေးရွာအနီးရှိတောင်သို့ နွားရှာရန်သွားစဉ် မိုင်းထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းလူမှုကယ်ဆယ်ရေးဆောင်ရွက်နေ သူများကပြောသည်။

ဒဏ်ရာရှိခဲ့သူများမှာ ကိုလင်းမောင် အသက် ၂၃ နှစ် နှင့် ကိုစိုးမောင် အသက် ၂၈ နှစ်တို့ဖြစ်ကြပြီး ကျေးရွာ၏တောင်ဖက် ၂ ဖာလုံခန့်အကွာတွင်ရှိသည့် ပြိုင်းတောတောင်သို့ နွားရှာသွားစဉ်မိုင်းထိမှန်ခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရသူများထဲမှ တစ်ဦးကို အောက်ဆီဂျင်ပေးထားရကြောင်း ကမ်းထောင်ကြီးမြို့ နာရေးကူညီမှုအသင်းဥက္ကဌ ဒေါက်တာရန်နိုင်ဖြိုးက Western News ကိုပြောသည်။

“ကိုလင်းမောင်မှာကတော့ ညာဖက်ခြေထောက်ဒူးဆစ်အောက်ကပြတ်ထွက်သွားတယ်။ ပြီးတော့ ဘယ်ဖက်ခြေထောက်နဲ့ ညာဖက်လက်မှာလည်း ဒဏ်ရာရတယ်။ သူ့ကိုတော့ အောက်ဆီဂျင်ပေးထားရတယ်။ ကိုစိုးနိုင်ကကျတော့ ညာဖက်မျက်စိနဲ့ လက်ဝါးနှစ်ဖက်လုံးမှာ ဒဏ်ရာရတယ်။ ပြီးတော့ ဘယ်ဖက်ပေါင်နဲ့ ညာဖက်ခြေသလုံးတို့မှာလည်း ဒဏ်ရာရတယ်။ ဆေးရုံကိုတော့ ညနေ ၃ နာရီလောက်မှာရောက်တယ်။ ဒဏ်ရာကတော့ ပြင်းတယ်”ဟုပြောသည်။

လက်ရှိအချိန် အဆိုပါမိုင်းထိမှန်ပြင်းထန်ဒဏ်ရာရရှိသူနှစ်ဦးမှာ ကမ်းထောင်းကြီးဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိပြီး မနက်ဖြန်တွင် ကမ်းထောင်းကြီးဆေးရုံမှ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ယူဆောင်လာမည်ဖြစ်ကြောင်းလည်း ဒေါက်တာရန်နိုင်ဖြိုးက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂ နှစ်ကျော်ကြာဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း မိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံးသူ ၄၅ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၉၁ ဦးအထိရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏မှတ်တမ်းများအရသိရသည်။

https://www.facebook.com/westernnewsagency/posts/327197609086750

Leave a Reply

Your email address will not be published.