အမ်းမြို့နယ်တွင် ယာဉ်ပေါ်ညအိပ်နေသည့် ယာဉ်မောင်း ၁ ဦး ဓားဖြင့်အခုတ်ခံရပြီးသေဆုံး

By Development Media Group (DMG)/ July 31

ဓါတ်ပုံ – 4Thiha

အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာအနီးတွင် ကားပျက်၍ ညအိပ်နေသည့် ယာဉ်မောင်း ၁ ဦးနှင့် ယာဉ်နောက်လိုက် ၁ တစ်ဦးတို့မှာ ဇူလိုင်လ ၃၀ ရက်နေ့ ညအချိန်တွင် ဓားဖြင့် အခုတ်ခံရပြီး ယာဉ်မောင်းဖြစ်သူသေဆုံးသွားကြောင်း အမ်းမြို့နယ်ရဲစခန်းမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ စစ်တွေကနေ တောင်ကြီးသို့ ကြက်ဥဝယ်ယူရန်သွားသည့် ကြံတိုင်းအောင်ယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ၂ ဦးမှာ စစ်တွေ-အမ်း ကားလမ်းရှိ မိုင်တိုင်အမှတ် ၁၇/၁၈ ကြား အရောက်တွင် မောင်းနှင်လာသည့်ယဉ်မှာပျက်သွားသဖြင့် ပြန်လည်ပြုပြင်သော်လည်း မပြီးသေး၍ ယာဉ်ပေါ်၌ ညအိမ်နေကြစဉ် အမည်မသိလူ ၂ ဦးမှ ဓားဖြင့်တက်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း အမ်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“သန်းစိုးအောင် ပြောပြချက်အရေတော့ သူတို့နှစ်ဦးဟာ အိပ်နေကြပေါ့။ ဒရိုင်ဘာနဲ့ သူနဲ့ နှစ်ယောက်။ အဲဒီမှာ သန်းစိုးအောင်ကို ဓားနဲ့အရင်ထိုးတယ်။ လူနှစ်ယောက်တက်လာပြီးတော့။ သူထကြည့်လိုက်တဲ့အချိန်မှာ ရဲဝင်းအောင်ကိုလည်း လူတစ်ယောက်က ဓားနဲ့ခုတ်နေတာပေါ့။” ဟု ပြောသည်။

ဓားဖြင့် အခုတ်ခံရသည့်အတွက် ယာဉ်မောင်းဖြစ်သူ ရဲဝင်းအောင်၊ အသက် ၃၁ နှစ်၊ (ဘ) ဦးမောင်ဝင်းမှာ ယာဖက်ပါး ၈ လက်မခန့် ပြတ်ချဒဏ်ရာဖြင့်သေဆုံးသွားခဲ့ပြီး ယာဉ်နောက်လိုက်ဖြစ်သူ သန်းစိုးအောင် အသက် ၂၉ နှစ် (ဘ) ဦးမောင်ချင်းမှာ ဝဲဘက်ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာ ၁ ချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း အမ်းမြို့နယ်ရဲစခန်းမှ သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် အမ်းမြို့နယ်ရဲစခန်း၌ ပုဒ်မ  ၃၀၂/၃၂၄/၁၁၄ ဖြင့်အမှုဖွင့်လှစ်ထားပြီး တရားခံကို စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်းလည်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2074201192732281

Leave a Reply

Your email address will not be published.