အမ်းတွင် ကိုဗစ်ဖြင့် အမျိုးသမီးတစ်ဦး ပထမဆုံးသေဆုံး၊ ရခိုင်တွင်သေဆုံးသူ ၂၉ ဦးအထိရှိလာ

By Narinjara/ 2021 July 15

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ အမ်းမြို့ဆေးရုံကြီးတွင် ယနေ့နံနက် ၆ နာရီခန့်က ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံးသွားခဲ့ပြီး ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ ၂၉ ဦးထိ ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အမ်းတွင် ယနေ့ သေဆုံးသူမှာ အသက်(၇ဝ)အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ယမန်နေ့ ည ၁ဝ နာရီခန့်က အောက်ဆီဂျင်ကျ၍ ဆေးရုံသို့ရောက်ရှိလာသူဖြစ်ကြောင်းအမ်းဆေးရုံအုပ် ဒေါက်တာအောင်ကျော်မိုးက အတည်ပြုပြောကြားသည်။

“သူ့ရာဇဝင်ကတော့ ဖျားတာလေးရက်လောက်ရှိတယ်။ ချောင်းဆိုးတာ သုံးရက်လောက်ရှိတယ်။ ဆေးရုံကိုရောက်တဲ့အချိန်မှာမောနေတယ်။ အောက်ဆီဂျင်ရာခိုင်နှုန်းတအားကျတယ်ပေါ့။ ၂၉လောက်ပဲ ရှိတယ်ပေါ့။ ဒီနေ့ မနက်က ဆုံးသွားပါတယ်” ဟုပြောသည်။

အမ်းမြို့နယ်တွင် ယနေ့ ကိုဗစ်အတည်ပြုလူနာသေဆုံးမှုမှာ ကိုဗစ်တတိလှိုင်းအတွင်း ပထမဆုံး သေဆုံးမှုဖြစ်ကြောင်း သိရသည်။

အမ်းဆေးရုံကြီးတွင် လက်ရှိဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ ၂၅ ဦးအနက် အောက်ဆီဂျင်ပေးထားရသူ ၃ ဦးရှိကြောင်း ဒေါက်တာအောင်ကျော်မိုးက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ယနေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၁ဝဝ ခန့်ရှိလာနေပြီး သေဆုံးသူ၂၉ ဦးရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ ကောက်ယူထားသည့် စာရင်းများအရသိရသည်။

https://www.facebook.com/narinjara.info/posts/4499250870086955

Leave a Reply

Your email address will not be published.