အစာအဆိပ်သင့်၍ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရသည့် စစ်ဘေးရှောင် ၇ ဦး ကျန်းမာရေးအခြေအနေ ကောင်းမွန်

By Development Media Group (DMG)/ July 7

ဓါတ်ပုံ – ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

စစ်တွေမြို့ မင်းဂံအကွက် (၁၇) ရှိ ဝိဘဇ္ဇဝါဒီ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း အမှတ်(၁) မှ အစာအဆိပ်သင့်၍ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရသည့် စစ်ဘေးရှောင် ၇ ဦး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လာကြောင်း သိရသည်။

ဇူလိုင် ၆ ရက်နေ့က အဆိုပါကယ်ဆယ်ရေးစခန်းမှ စစ်ဘေးရှောင်လင်းမယားနှစ်ဦးသည် ငါးပူတင်းအား ချက်ပြုတ်စားသောက်ပြီးနောက် အစာအဆိပ်သင့်ကာ သေဆုံးခဲ့ကြသည်။

သေဆုံးသွားသည့် လင်မယားနှစ်ဦး၏ သား/သမီး လေးဦးနှင့် အခြား လူသုံးဦးမှာလည်း ယင်းကဲ့သို့  စားသောက်မိသည့်အတွက် အစာအဆိပ်သင့်၍ စစ်တွေဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသမှုခံယူ ခဲ့ရခြင်းဖြစ်သည်။

“ သူတို့ကျန်းမာရေးအခြေအနေက ကောင်းတယ်။ ခုနားကပဲ ဦးဇင်းဆေးရုံက လာတာဆိုတော့ အားလုံးက လန်းလန်းဆန်းဆန်းမြင်ရတယ်။ ကလေးတွေကစားနေတာ၊ နားနေကြတာတွေ၊ အိပ်နေကြတာတွေကို တွေ့ရတယ်” ဟု ဝိဘဇ္ဇဝါဒီ စစ်ဘေးရှောင်စခန်း တည်ထောင်သူ ဆရာတော် အရှင်စက္ကိန္ဒက မိန့်သည်။

အရေးပေါ်ဆေးကုသမှုခံယူခဲ့ရသည့် အဆိုပါစစ်ဘေးရှောင်များမှာ ကျောက်တော်မြို့နယ် အောက်မွန်ထောင့် ကျေးရွာမှ လေးဦးနှင့်  ပလက်ဝမြို့နယ် မီးလက်ဝကျေးရွာမှ သုံး ဦးတို့ဖြစ်သည်။

အစာအဆိပ်သင့်၍ သေဆုံးသွားသည့် လင်မယားနှစ်ဦးတွင်ကျန်ရှိခဲ့သည့် အကြီးဆုံးကလေးမှာ အသက် ၁၃ နှစ်ဖြစ်ပြီး အငယ်ဆုံးကလေးမှာ အသက် ၃ နှစ်အရွယ်ရှိကြသည်။

“အဲဒီကလေးလေးဦးမှာက အဘိုးအဘောင်တွေရှိတယ်။သေဆုံးသွားတဲ့ မိန်းကလေးရဲ့ အဖေ၊အမေတွေပေ့ါ။ သူတို့က ခေါ်ပြီးထားမယ်လို့ ပုံစံမျိုးတော့ပြောတယ်။ဒါက မိသားစုကိစ္စဆိုတော့ သူတို့ရဲ့ သဘောဖြစ်တယ်” ဟု ဆရာတော် အရှင်စက္ကိန္ဒက ပြောသည်။

မင်းဂံအကွက် (၁၇)ရှိ ဝိဘဇ္ဇဝါဒီ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း အမှတ်(၁)တွင် စစ်ဘေးရှောင်လူဦးရေ ( ၅၂၀) ဦးရှိသည်။ အဆိုပါစစ်ဘေးရှောင်များမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလအတွင်းက ရသေ့တောင်၊ ကျောက်တော်၊ဘူးသီးတောင်၊ ပလက်ဝမြို့နယ် တို့က လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2056250867860647

Leave a Reply

Your email address will not be published.