By Western News/ 2021 July 13

ပြီးခဲ့သည့် NLD အစိုးရလက်ထက် ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့တွင် အင်တာနက်ဖြတ်တောက်မှု တစ်နှစ်ပြည့် ကမ်ပိန်း ပြုလုပ်မှုကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်ဖြူဒေသခံ လူငယ် ၂ ဦးအမှုရုံးထုတ်စစ်ဆေးခြင်း မရှိဘဲနောက်တစ်ပတ်ထပ်မံရုံးချိန်းလိုက်သည်။
အဆိုပါလူငယ် ၂ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၁ ရက်က ကျောက်ဖြူကမ်းခြေတွင် အင်တာနက်ဖြတ်တောက်မှု တစ်နှစ်ပြည့် ကမ်ပိန်းပြုလုပ်မှုကြောင့် ကျောက်ဖြူမြို့နယ်ရဲစခန်းမှ ရဲမှူးအောင်မော်က တရားလို့ပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရုံးချိန်းများတွင် လိုပြသက်သေများရောက်ရှိခြင်းမရှိသလို လက်ရှိတွင်လည်း ကိုဗစ်ဖြင့် ရုံးမထုတ်ခြင်းများကြောင့် အမှုရင်ဆိုင်ရာတွင်အချိန်ပို၍ကြန့်ကြာနေသည်ဟု ကိုနေစိုးခိုင်က ပြောသည်။
“ပထမတခေါက်လည်း ကိုဗစ်ကြောင့်ရုံးမထုတ်ဘူး။ ကျနော်တို့ရုံးချိန်းသွားတော့လည်း သူတို့ဖက်ကလိုပြသက်သေ မရောက်တာတွေ အများကြီးရှိတယ်။ ကျနော်တို့မှာ အမှုရင်ဆိုင်ရတာကြန့်ကြာသလို အချိန်ကုန်ပြီးတော့ အလုပ်မဖြစ်တာတွေအများကြီးရှိတယ်။ ကျနော်တို့က အမှုကို ရုံးချိန်း ၁၁ ပတ်နဲ့ ရက် ၁၀၀ ကျော်အတွင်းမှာ အမှုကိုအပြတ်ဖြတ်ဖို့လုပ်ထားတာ။ နောက်တော့ သူတို့ဖက်သက်သေတွေကို ကျနော်တို့သွားခေါ်ပြီး စစ်ရတဲ့အခြေအနေထိရှိတယ်” ဟုပြောသည်။
ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့်တရားစွဲခံထားရသူများဖြစ်ကြသည်ကျောက်ဖြူဒေသခံ ကိုနေစိုးခိုင်နှင့် ကိုမင်းဇအောင်တို့နှစ်ဦး ရခိုင်တွင် တက်ကြွလှုပ်ရှားသူများဖြစ်ကြပြီး လူမှုရေးလုပ်ကိုင်ဆောင်ရွက်သူများဖြစ်သည်။
အဆိုပါအမှုတွင် လိုပြသက်သေ ၇ ဦးရှိသည့်အနက် ၆ ဦးကိုစစ်ဆေးပြီးဖြစ်သော်လည်း နောက်ဆုံးစစ်ဆေးရန်ကျန်ရှိနေသည့် လိုပြသက်သေ တစ်ဦးဖြစ်သော ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲအုပ်ချမ်းမြေအောင် တစ်ဦးသာကျန်ရှိနေသေးပြီး လာမည့် ဇူလိုင်လ ၂၇ ရက်သို့ ထပ်မံချိန်းဆိုလိုက်သည်ဟု ကိုနေစိုးခိုင်က ပြောသည်။
ကမ်ပိန်းပြုလုပ်ရာတွင် ရခိုင်နှင့် ချင်းတွင် အစိုးရမှ အင်တာနက်ဖြတ်တောက်ထားတာ တစ်နှစ်ပြည့်ပြီ၊ အင်တာနက်ဖြတ်တောက်မှု ဆန့်ကျင်ကြ စသည့်အချက်များပါဝင်သည်။
https://www.facebook.com/westernnewsagency/posts/329039275569250