By Western News/ 2021 July 9
ရက္ခိုင်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေများဖြင့် တရားစွဲခံထားရသူများကို တရားရုံး၌ စစ်ဆေးနေသော်လည်း တစ်စုံတစ်ရာ အမိန့်မချနိုင်ခြင်းအပေါ် အမှုများလိုက်ပါဆောင်ရွက်ပေးနေသည့်နေရှ့များက ဝေဖန်လိုက်သည်။
အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် စွဲဆိုခံထားရသည့်သူများအား အမိန့်ချမှတ်ရမည့် အမှုများအား အမိန့်မချနိုင်ဘဲ ရပ်တန့်နေခြင်းက တရားရုံး၏ ညွှန်ကြားချက်နှင့် ဆန်ကျင်နေသည်ဟု တရားလွှတ်တော်ရှေ့နေဦးကျော်ညွှန်မောင်ကပြောသည်။
“အမိန့်ချမယ်ဟာတွေကို ဥပမာ စွဲချက်အမိန့်တို့ အပြီးသက်အမိန့်တို့ စတဲ့အမိန့်ချရမယ့်ဟာတွေကို အမိန့်မချဘဲ ရပ်တန့်ထားခြင်းသည် တရားရုံးညွှန်ကြားချက်တွေ နဲ့ ဆန့်ကျင်နေတယ်။ တရားရုံးမှာ အမိန့်တစ်ခုချမယ်ဟာကို အခုလိုရုံးချိန်း ၅ ကြိမ်၊ ၆ ကြိမ်မချိန်းရဘူး။ နောက်ပြီးတရားရုံး၏ ညွှန်ကြားချက်ကိုမျက်ကွယ်ပြုရာကျနေတယ်” ဟုပြောသည်။
၎င်းလိုက်ပါဆောင်ရွက်ပေးနေသော အကြမ်းဖျက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် အမှုသုံးခုတွင် စွဲချက်အမိန့်နှင့် အပြီးသတ်အမိန့်များချမှတ်ရမည်ဖြစ်သော်လည်း အမိန့်ချမှတ်နိုင်ခြင်းမရှိသောကြောင့် အမှုသည်များအတွက်နစ်နာမှုတွေရှိသည်ဟု ၎င်းကဆက်ပြောသည်။
ရက္ခိုင်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသော သူများလွှတ်ပေးရေးနှင့် ပတ်သက်၍ အစိုးရနှင့် AA တို့၏ ဆွေးနွေးမှုတွေအပေါ်မှာ မူတည်လိမ့်မည်ဟု ဇူလိုင်လ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။
“AA နဲ့ပတ်သက်ပြီးတော့ တရားစွဲထားတဲ့တပ်ဖွဲ့ဝင်တွေ သို့မဟုတ် ကူညီတဲ့ကလေးတွေနဲ့ပတ်သက်တဲ့အမှုတွေကိုရုတ်သိမ်းခဲ့ပါတယ်။ ကလေးမဟုတ်တဲ့ လူကြီးတွေအမှုတွေကိုလည်း ရုတ်သိမ်းတာတွေရှိပါတယ်။ ရခိုင်ပြည်နယ်က အမှုတွေကို ရုတ်သိမ်းသလို မန္တလေး၊ ရန်ကုန်တွေက အမှုတွေကိုလည်း ရုတ်သိမ်းပါတယ်။ ဆိုတော့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ သွားနေကြတဲ့ အပေါ်မှာလည်း ဆွေးနွေးနေကြတယ်လို့ ကြားပါတယ်။ အဲဒီ ဆွေးနွေးမှုတွေ အပေါ်မှာပဲ ဆက်ပြီးတော့ကောင်းတဲ့အလားအလာတွေ ဖြစ်လာနိုင်ပါတယ်” ဟုပြောသည်။
စစ်တွေခရိုင်တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုပေါင်း ၁၉ မှုရှိပြီး တရားစွဲခံထားရသူ ၈၆ ဦးအထိရှိကြောင်းသိရသည်။ ရခိုင်ပြည်နယ် တစ်ပြည်လုံးတွင်အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲခံထားရသူ ၂၀၀ ရှိပြီး ၎င်းတို့ကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊၅၀(ည)၊ ၅၀(ဈ)၊ ၅၂ (က)တို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။ယင်းအမှုများထဲမှ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာက ၂၃ ဦး၏ အမှု ၃ ခုတွင် တရားလိုနှစ်ဦးက တရားစွဲဆိုထားခြင်းဖြစ်သည်။
အဆိုပါနှစ်ယောက်ထဲမှာတစ်ဦးဖြစ်သည့် ဗိုလ်ကြီးထင်လင်းမှ တရားလိုလုပ်ပြီး အကြမ်းဖျက် ဥပေဒေပုဒ်မ ၅၀(က) နှင့် စွဲဆိုခံထားရသည့် အမှုတွင် အပြီးသတ် အမိန့်ချရမည်ဖြစ်သော်လည်း အမိန့်မချဘဲကြန့်ကြာနေကြောင်း လိုက်ပါဆောင်ပေးနေသည့် ရှေ့နေက ပြောသည်။
ယင်းအပြင်ဒုရဲမှူးဇော်မျိုးဝင်းမှ တရားလိုလုပ်ပြီး လက်နက်အရေးစီပေါ်စီမံအက်ဥပဒေပုဒ်မ ၂ (၁) (က)နှင့်စွဲဆိုခံထားရသည့်အမှုတွင် စွဲချက်အမိန့်ချရမည်ဖြစ်သော်လည်းအမိန့်မချဘဲကြန့်ကြာနေသလို နောက်တစ်ခုမှုဖြစ်သည့် ဒုရဲမှူးဇော်မျိုးဝင်းမှ တရားလိုလုပ်ပြီး စွဲဆိုထားသည့် ၅၀(က) အမှုတွင်လည်း လိုပြသက်သေ ၆ ဦးစစ်ဆေးရန်ကျန်ရှိနေသေးသည်ဟု အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်စစ်မင်းကပြောသည်။
AA ဆက်စပ်သည်ဟုဆိုကာလက္ကာကျေးရွာက ၂၃ ဦးကို ပြီးခဲ့သည် ၂၀၁၉ ခုနှစ် ဧပြီ ၉ ရက်နေ့ဖမ်းဆီးခံရပြီး ဗိုလ်ကြီးထင်လင်းနှင့် ဒုရဲမှူးဇော်မျိုးဝင်းတို့က တရားလိုလုပ်ကာ တရားစွဲခြင်းဖြစ်သည်။
အကြမ်းဖက်ဥပဒေနှင့်တရားစွဲခံထားရသူများ သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်း Thazin Legal Institute မှရှေ့နေဦးအောင်စစ်မင်းက “အခုလို့ အမိန့်မချမှတ်နိုင်တာက တရားရုံး၏ ယန္တားရားကို ရပ်တန့်နိုင်စေသလိုဖြစ်နေတယ်။ တရားစီရင်ရေး လွတ်လပ်မှုမရှိ ဘေးဆိုးကျိုးတွေဖြစ်သွားနိုင်တယ်” ပြောသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက်ဖ၊ ညီမနှင့် ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ၁၀ ဦးမှာ ရန်ကုန် အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာခဲ့သည်။
https://www.facebook.com/westernnewsagency/posts/326430882496756