အကြမ်းဖက်မှုဖြင့် တရားစွဲခံရသည့် ရခိုင်ရွာသား ၁၀၀ ကျော် အမှု ကြန့်ကြာနေ

By Irrawaddy/ 2021 July 16

စစ်တွေခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေသော လက္ကာရွာသားများ / ဧရာဝတီ

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားရင်ဆိုင်နေရသော ရခိုင်ရွာသားများ၏ အမှုအား တရား ရုံးတွင် ဆက်လက် စစ်ဆေးခြင်း မရှိသည့်အတွက် ကြန့်ကြာလျက်ရှိကြောင်း မိသားစုဝင်များနှင့် အမှုလိုက်ပါ ဆောင် ရွက်ပေးနေသည့် ရှေ့နေများက ပြောသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် ရခိုင်ရွာသား ၁၀၀ ကျော်ရှိပြီး အမှုရုပ်သိမ်းလွှာ တင် ထားသည်ဟုဆိုကာ ၂၀၂၁ မတ်လမှ စတင်ကာ ဆက်လက်စစ်ဆေးခြင်း မရှိတော့ဘဲ ဆိုင်းငံ့ထားခြင်း ဖြစ်ကြောင်း အမှု လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ဧရာဝတီကို ပြောသည်။

ဦးအောင်စစ်မင်း က “တရားရုံးမှာ ရင်ဆိုင်နေရတဲ့ အမှုသည်တွေ အနေနဲ့ ဆုံးဖြတ်ချက် တခုခုကိုတော့ ရစေချင်တယ်။ အခုက အကြမ်းဖက် အမှုတွေကို မတ်လကတည်းက စစ်ဆေးခြင်း၊ ဆုံးဖြတ်ခြင်း တစုံတရာ မရှိတဲ့အတွက် အမှုသည်တွေ အနေနဲ့ ဥပဒေပါ အခွင့်အရေးကို ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်စေတယ်” ဟု ဆိုသည်။

မြောက်ဦးမြို့နယ်မှ လက္ကာကျေးရွာသား ၂၇  ဦးမှာ ၂၀၁၉ ဧပြီလ ၁၀ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းတခု ကျေးရွာ အတွင်း ဝင်လာစဉ် ဖမ်းဆီးခံခဲ့ရပြီးနောက် ၎င်းတို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၀ (ဈ)၊ ပုဒ်မ ၅၄ တို့အပြင် ၁၉၄၉ လက်နက်အရေးပေါ်စီမံမှု (ယာယီ) အက်ဥပဒေ ပုဒ်မ ၂ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

လက္ကာကျေးရွာသား တဦးဖြစ်သူ ဦးညွန့်မောင်၏ဇနီး ဒေါ်မငယ်က “ကျမတို့ ရုံးချိန်းလာရတာ အကြွေးတွေ ပတ်လည်ဝိုင်း နေပြီ။ ကျမယောက်ျား အဖမ်းခံရတာ အခုဆိုရင် သုံးနှစ်သုံးမိုး ရှိနေပြီ။ အလုပ်လည်းမရှိ။ ဘယ်အချိန် လွတ်မယ်ဆိုတာ လည်း မသိရဘူး။ ဒီနေ့ တရားသူကြီးကို မေးကြည့်တော့ အမှုက ရှေ့တိုးလို့လည်းမရ၊ နောက်ဆုတ်လို့လည်း မရဘူးလို့  ပြောတယ်။ ဆက်မေးဖို့ကလည်း သူတို့ လူကြီးတွေကို မမေးရဲတော့ဘူး” ဟု ပြောသည်။

အဆိုပါ လက္ကာရွာသား ၂၇ ဦးကို ဖမ်းဆီးစစ်ဆေးစဉ် တပ်မတော် စစ်ကြောရေးတွင် ရွာသား ၃ ဦး သေဆုံးခဲ့သည့် အတွက် မိသားစုဝင်များက သေဆုံးမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရာမျှတမှု ရရှိရန်လည်း တောင်းဆိုထား သည်။

အလားတူ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ၂၀၂၀၊ အောက်တိုဘာလကတည်းက ဖမ်းဆီးတရားစွဲခံနေ ရသည့် စစ်တွေမြို့နယ်၊ သိန်းတန်းကျေးရွာမှ ဦးကျော်မောင်၏ဇနီး ဒေါ်သန်းသန်းနုကလည်း ၎င်း၏ အမျိုးသားအမှုကို အမြန်ဆုံး ပြီးဆုံးစေချင်ပြီဟု ပြောသည်။

ဒေါ်သန်းသန်းနုက “ရွာမှာ အိမ်ထောင်စုစာရင်း လာစစ်တုန်းက စစ်သားတွေက ကျမ အမျိုးသားကို ထမင်းဝိုင်းကနေ ရုံးကို ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားကတည်းက အချုပ်ထဲရောက်သွားတာ အခုထိပဲ။ ရုံးထုတ်တယ်။ ရမန်ပေးတယ်။ ဆက် စစ်ဆေးတာလည်း မရှိဘူး။ ဒီနေ့ တရားသူကြီးကို မေးကြည့်တော့ အထက်က မထွက်လာသေးဘူးလို့ ပြောတယ်” ဟု ဆိုသည်။

စစ်တွေခရိုင် တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားရင်ဆိုင်နေရသော ရွှေနဒီအမြန်ရေယာဉ်မှ ဝန်ထမ်း ၁၀ ဦးကျော်အမှု၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ လူငယ် ၅ ဦးအမှု၊ စစ်တွေမြို့နယ် တောကန်းကျေး ရွာသားအမှုတို့မှာလည်း ဆက်လက် ကြားနာစစ်ဆေးခြင်း မရှိဘဲ ရပ်တန့်လျက်ရှိကြောင်း အမှုများအား လိုက်ပါဆောင် ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးလှအောင်သိန်းက ပြောသည်။

ဦးအောင်လှသိန်း က “တရားရုံးက အကြောင်းပြတာကတော့ ရုပ်သိမ်းလွှာ တင်ထားတဲ့အတွက် အမှုကို အမိန့်မချဖို့ ညွှန်ကြားထားတဲ့ ပုံစံမျိုး ပြောတယ်။ ဥပဒေအတိုင်း ဆိုရင်တော့ တရားရုံးက ရပ်တန့်ထားစရာ အကြောင်းမရှိဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ရ မယ်။ အမှုသည်တွေထဲမှာ တချို့လွတ်မယ့် လူတွေလည်း ပါမယ်။ ကျမယ့်လူတွေလည်း ပါမယ်ပေါ့။ ဒီအတိုင်းဆို လွတ်မယ့် လူတွေအတွက် အလိုလိုပဲ မတရား လပေါင်းများစွာ ချုပ်နှောင်ခံထားရသလို ဖြစ်နေတယ်” ဟု ရှင်းပြသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံထားရသည့် ရခိုင်ကျေးရွာသားများ အမှုနှင့်ပတ်သက်ပြီး တရားလို ပြု လုပ် တိုင်ကြားထားသည့် မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များမှ တာဝန်ရှိသူများက အမှုရုပ်သိမ်းလွှာ တင် ထားသည်ဟု ဆိုသော်လည်း ယင်းရုပ်သိမ်းလွှာများ တရားရုံးများသို့ တရားဝင် ရောက်ရှိလာခြင်း မရှိသေးကြောင်း ရှေ့နေ များထံမှ သိရသည်။

အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် ရခိုင်ရွာသားများ အမှုနှင့် ပတ်သက်ပြီး ဧရာဝတီက ပြည် နယ်ဥပဒေချုပ် ဦးလှသိန်းအား မေးမြန်းရာ “ ဒီအမှုတွေကို စွဲကတည်းက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုရဲ့ ခွင့်ပြုချက်နဲ့ စွဲတာဖြစ်တဲ့အတွက် ဒီကိစ္စတွေက ကျနော်တို့နဲ့ မဆိုင်ဘူး။ ကျနော်ထင်တာက ဒီကိစ္စတွေက အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ NCA လက်မှတ်ထိုးကြတဲ့အခါ ပါလာမယ်လို့ ထင်တယ်” ဟု ပြောဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ အနေဖြင့် ရက္ခိုင့်စစ်တပ် (AA) ကို မတ်လအတွင်း၌ အကြမ်းဖက် အဖွဲ့အစည်းမှ ပယ်ဖျက်ခဲ့သလို အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံထားရသည့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ၏ ဆွေမျိုးသားချင်းများကိုလည်း အမှုရုပ်သိမ်းကာ ဇွန်လ ၉ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။

ထိုကဲ့သို့ AA စစ်ဦးစီးချုပ်၏ ဆွေမျိုးသားချင်းများကို ပြန်လွှတ်ပေးခဲ့သော်လည်း ရခိုင်မြောက်ပိုင်း မြို့နယ်အသီးသီးရှိ တရား ရုံးများတွင် အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲခံထားရသော ရာနှင့်ချီသည့် ရွာသားများ၏ အမှုများအား ရုပ်သိမ်းပေးခြင်း မရှိ သည့်အပေါ် ဝေဖန်မှုများ ရှိနေသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲကာလအတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲခံရသူ များထဲတွင် တချို့အမှုများမှာ ပြစ်မှုမထင်ရှားသဖြင့် တရားရုံးက ပြန်လွှတ်ပေးခဲ့သော်လည်း တချို့မှာမူ လက်ရှိ အချိန်ထိ အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

အမှုရင်ဆိုင်နေရသည့် ရခိုင်ရွာသားများမှာ စစ်တွေခရိုင်တရားရုံးတွင် ၆၀ ဦး၊ မြောက်ဦးခရိုင်တရားရုံးတွင် ၅၇ ဦး၊ ကျောက်ဖြူခရိုင်တရားရုံးတွင် ၂၅ ဦး၊ ဘူးသီးတောင်မြို့နယ်တရားရုံးတွင် ၁၀ ဦး စုစုပေါင်း ၁၅၂ ဦး ရှိကြောင်း ရခိုင်လူ့အခွင့်ရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၏ ဒါရိုက်တာ ဦးမြထွန်းက ပြောသည်။

ထို့ပြင် စစ်ကြောရေးတွင် သေဆုံးသူ ၂၄ ဦးနှင့် စစ်ပွဲကာလအတွင်း ဖမ်းဆီးခံရပြီး ယနေ့ အချိန်ထိ ပျောက်ဆုံးနေ သူ ကျောက်တော်မြို့နယ်မှ တင်းမကျေးရွာသား ၁၈ ဦး အပါအဝင် ရွာသား ၂၆ ဦး ရှိကြောင်းလည်း သိရသည်။

https://www.facebook.com/theirrawaddyburmese/posts/4676932225684226

Leave a Reply

Your email address will not be published.