By Western News/ 2021 July 29
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ အံတော်ကျေးရွာ၊ အရှေ့ပိုင်းရပ်ကွက်တွင် ဇူလိုင်လ ၂၇ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် လူနေအိမ် ၁၄ လုံးရေထဲမျောပါသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။
ယင်းနေအိမ် ၁၄ လုံးအပြင် တခြားနေအိမ် ၁၀၀ ခန့်မှာလည်း အပျက်အစီးများရှိခဲ့ကြောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖေမြင့်က Western News ကိုပြောသည်။
“ရေစီးနဲ့မျောပါသွားတာက နေအိမ် ၁၄ လုံးပါ။ တခြားနေအိမ် ၁၀၀ ခန့်လည်း တချို့တဝက်ပျက်စီးသွားတာရှိတယ်”ဟု ပြောသည်။
လက်ရှိတွင် အဆိုပါနေအိမ် ပျက်စီးသွားသူများမှာ နီးစပ်ရာဘုန်းတော်ကြီးကျောင်းများတွင်နေထိုင်နေကြရပြီး မြို့ပေါ်ပရဟိတ အဖွဲ့များက အဝတ်အထည်များအပါအဝင် စားနပ်ရိက္ခာများကူညီဝေငှပေးထားကြောင်း အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။
အဆိုပါ နေအိမ်ပျက်စီးမျောပါသွားသူများမှာ နေအိမ်များအပြင် နေအိမ်အသုံးအဆောင်ပစ္စည်းများရေထဲမျောပါသွားခြင်းကြောင့် ချက်ပြုတ်စားသောက်စရာအိုးများလိုအပ်နေကြောင်း သံတွဲ ရေဘေးသင့်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေသည့် ကိုလင်းထိန် ကပြောသည်။
“လောလောဆယ်မှာတော့ ချက်ပြုတ်စားသောက်စရာအိုးတွေ၊ ပန်းကန်တွေကအစ လိုအပ်နေပါတယ်။ နေအိမ်မျောပါသွားတဲ့ သူတွေမှာလည်း သစ်တွေ၊ ဝါးတွေ ပြန်ရှာလို့ရတဲ့သူရတယ်။ မရတဲ့သူမရဘူး။ ပြီးတော့ ခိုကိုးစရာနေရာတွေလိုနေတယ်။ စားသောက်ရေးပိုင်းကျတော့ မြို့ပေါ်ပရဟိတအဖွဲ့တွေကလာလှူတာရှိတယ်။ ထမင်းထုတ်တွေ၊ အဝတ်အစားတွေပေါ့”ဟုပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက သံတွဲတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးမှုကြောင့် အိမ်ထောင်စု ၇၀၀ ခန့်နှင့် လူဦးရေ ၃၀၀၀ ကျော် ခန့်မှာ ရေဘေးသင့်ခဲ့ရကြောင်း ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
https://www.facebook.com/westernnewsagency/posts/339621587844352