By Western News/ 2021 July 28
ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဇူလိုင် ၂၇ ရက်နေ့က မိုးကြီး ရေလျှံမှုများကြောင့် အသစ်တည်ဆောက်ထားသည့် အောက်စီဂျင်စက်ရုံမှာ လေးပုံတစ်ပုံခန့် ရေနစ်မြုပ်ခဲ့ပြီး စက်ပြန်လည်ပတ်နိုင်ရန်ဆောင်ရွက်နေရကြောင်း တာဝန်ရှိသူများထံမှသိရသည်။
လက်ရှိတွင် အောက်ဆီဂျင်စက်ရုံ ရေမြုပ်သွားမှုကြောင့် အောက်စီဂျင်ထုတ်လုပ်မှုရပ်တန့်ထားရပြီး ပြန်လည်ထုတ်လုပ်နိုင်ရန်အတွက် အစွမ်းကုန်ကြိုးပမ်းနေကြရသည်ဟု သိမ်ကုန်း ဆရာတော်ကမိန့်သည်။
“အောက်ဆီဂျင် စက်ရုံက ၂၅ ရာခိုင်နှုန်းလောက် မြုပ်သွားပါတယ်။ မမြုပ်အောင်အတွက်ထိန်းနေတဲ့ နေရာကနေ ဘယ်လိုမှထိန်းမရ ဖြစ်သွားတာပေါ့နော်။ ပြန်ပြီး လည်ပတ်နိုင်ဖို့ ကျွမ်းကျင်သူတွေနဲ့လုပ်ဆောင်နေပါတယ်။ ကုမ္ပဏီကလည်း ၂ နှစ်အာမခံပေးထား တာဆိုတော့ သူတို့ပြန်ပြီးလုပ်ပေးမယ် ဆိုပြီးဖုန်းဆက်လာပါတယ်။ ရေမြုပ်ထားတော့ အောက်ဆီဂျင်ထုတ်လုပ်နိုင်မှုက လုံးဝရပ်သွားတယ်”ဟု ဆရာတော်က မိန့်သည်။
၎င်းအောက်ဆီဂျင်စက်ရုံမှ ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ အောက်ဆီဂျင်ထုတ်လုပ်ခဲ့ပြီး တစ်ရက်လျှင်အလုံး ၈၀ ခန့်ထုတ်နိုင်ကြောင်း တခြားမြို့များကိုလည်းဖြန့်ဝေပေးနိုင်ခဲ့ကြောင်း ဆရာတော်မှဆက်မိန့်သည်။
“ရေမနစ်မြုပ်ခင် ၃ ရက်လောက်ကတည်းက အောက်ဆီဂျင်စထုတ်နေပါပြီ။ တစ်နေ့ကို အလုံး ၈၀ လောက်ထုတ်နိုင်တယ်။ သံတွဲကခရိုင်မြို့ဆိုတော့ ကိုယ့်မြို့အပြင် တစ်ခြား တောင်ကုတ်၊ဂွ၊ ကျိန္တလီ ဘက်တွေကိုလည်း ကူညီပေးပို့ရတယ်လေ” ဟုဆိုသည်။
သံတွဲမြို့ရေကြီးမှုတွင် နေရာအားလုံးနီးပါးရေနစ်မြုပ်ခဲ့ပြီး ရေမျက်နှာပြင်အမြင့်မှာ အနိမ့်ပိုင်းဒေသများဆိုလျှင် ၁၅ ပေခန့် မြို့တွင်းတွင် ၅ ပေ ကျော်ခန့် အထိရှိခဲ့ပြီး ရေနစ်မြုပ်ခဲ့သည့်အကျိုးဆက်ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာလည်းရှိသည်ဟု သေသခံများ၏ပြောဆိုချက်အရသိရသည်။
https://www.facebook.com/westernnewsagency/posts/338939557912555