By Narinjara/ 2021 July 27
အေးမြတ်ခိုင်
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ရေကြီးမှုဖြစ်ပေါ်နေပြီး အနိမ်းပိုင်းဒေသများတွင် ၁၀ ပေကျော်အထိရေတက်ကာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေကြောင်း သတင်းရရှိသည်။
ထိုသို့ ရေကြီးလာသဖြင့် ကိုဗစ် လူနာများအတွက် အောက်စီဂျင်ဘူးရရှိရေးမှာလည်း အခက်အခဲဖြစ်လာနိုင်သဖြင့် စိုးရိမ်နေရကြောင်း လူမှုရေးအဖွဲ့ရှိ ဒေသခံများက ပြောသည်။
သိမ်ကုန်းဆရာတော် ဦးတေဇိန္ဒက “ရေ ၁၀ ပေကျော်အထိတက်နေပြီလို့ထင်တာပဲ။ အနိမ့်ပိုင်းတွေမှာ ရေက ၁၀ ပေကျော်နေသေးတယ်။ ပုံမှန်လိုရေကပြန်မကျတဲ့အခါ အိမ်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို ထုတ်ရတယ် ဒါတွေလည်း ဘုန်းကြီးတို့ ကိုယ်ထူကိုယ်ထအနေနဲ့ပဲ သွားရတာပဲ။ လောလောဆယ် အစိုးအဖွဲ့တွေက အောက်စီဂျင်စက်ရုံကြီးမမြုပ်ရေးကို အဓိကဆောင်ရွက်နေကြတယ်။ စက်ရုံကြီးမြုပ်သွားရင်လည်း ကိုဗစ်လူနာတွေ ဒုက္ခရောက်သွားနိုင်တယ်လေ။ ဒီဘက်မှာတော့ လစ်ဟင်းမှုတွေရှိတာပေါ့နော်” ဟု နိရဥ္ဇရာသို့ မိန့်ကြားခဲ့ပါသည်။
ရေကြီးမှုကြောင့် အောက်စီဂျင်ပေးထားရသော ကိုဗစ်လူနာများ အခက်ခဲရှိလာနိုင်ကြောင်း သတင်းများထွက်ပေါ်လာသော်လည်း လောလောဆယ် အောက်စီဂျင် ပြတ်လပ်မှု အဆင့်ကို မရောက်သေးဟု ဆရာတော်က ပြောဆိုသည်။
“အောက်စီဂျင်က သိမ်ပြေပြေလည်လည်ကြီးတော့ မဟုတ်ဘူး၊ ဒါပေမယ့် မသေအောင်တော့ ရှူခွင့်ရနေသေးတဲ့သဘောပေါ့နော်” ဟု မိန့်ကြားသည်။
သံတွဲမြို့ ၉၀ ရာနှုန်းမှာ ရေမြုပ်နေကာ စိုးရိမ်ခြေရေအမှတ်ကျော်လွန်နေပြီး တချို့နေအိမ်များမှာ လုံးလုံးနစ်မြုပ်သွားပြီဖြစ်ကြောင်းကို သံတွဲအောက်စီဂျင်ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းသန့်ကျော်က ပြောသည်။
“သံတွဲမြို့ရဲ့ ၉၀ ရာနှုန်းက ရေမြုပ်သွားပြီ၊ လေးရပ်ကွက် ငကျော်တောင်တစ်ခုကလွဲလို့ ရပ်ကွက်(၄)တို့၊ ရပ်ကွက်(၂)ဘက်၊ (၁)ဘက် တို့မှာတချို့က အိမ်လိုက်မြုပ်သွားတဲ့အိမ်တွေရှိတယ်ပေါ့နော်။ ဆံတော်ရှင်တောင် ခြေအောက်မှာ သွားနေရတယ်။ ချောင်းထဲက မိုးလေဝါသက တိုင်းတဲ့ မီတာတိုင်တောင် အခုမြုပ်သွားပြီ အစတောင်မမြင်ရတော့ဘူး။ လောလောဆယ် စက်လှေနဲ့ပဲသွားလို့ ရတော့တယ်’’ လို့ ပြောသည်။
အနိမ်းပိုင်းကလူတွေက အမြင့်ပိုင်းကအသိမိတ်ဆွေအိမ်များကို ပြောင်းရွှေ့ကြတာ ရှိသလို ရွှေဆံတော်ရှင်တောင်ခြေဓမ္မာရုံတွင် ပြောင်းရွှေ့နေကြသည့် ဒုက္ခသည်များ၏ စားရေးသောက်ရေး အတွက် သိမ်ကုန်းဆရာတော်ကတာဝန်ယူထားသည်ဟု သိရပါသည်။
https://www.facebook.com/narinjara.info/posts/4532367326775309