သံတွဲမြို့တွင် မိုးကြီးရေလျှံမှုများကြောင့် ဓာတ်အားဖြတ်တောက်ထားရ

By Western News/ 2021 July 27

ရခိုင်ပြည်နယ်ရှိ သံတွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်း၍ တစ်မြို့လုံးနီးပါး ရေကြီးရေလျှံမှုများဖြစ်ကာ လျှပ်စစ်ဓာတ်အားများလည်း ယာယီဖြတ်တောက်ထားကြောင်း သံတွဲမြို့လျှပ်စစ်ဓာတ်အားပေး ရုံးမှ Western News ကိုပြောသည်။

ဓာတ်အားပေးစက်ရုံသို့ရေဝင်လာ၍ ဓာတ်အားပေးမှုဖြတ်တောက်လိုက်ရခြင်းဖြစ်ပြီး ရေပြန်ကျမှသာ ဓာတ်အားပြန်လည်ပေးနိုင်မည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ကျော်မောင်မောင်မြင့် ကပြောသည်။

“ဓာတ်အားပေးစက်ရုံကိုရေတွေဝင်လာတော့ ဓာတ်အားတွေဖြတ်လိုက်ရတာပါ။ ဒီနေ့ ၇ နာရီ ၅၀ လောက်ကဖြတ်လိုက်တာ။ အခြေနေကတော့နည်းနည်းဆိုးတယ်။ ရေပြန်ကျမှပဲ ကျနော်တို့ ဓာတ်အားတွေပြန်ပေးလို့ရမှာပါ” ဟုပြောသည်။

သံတွဲမြို့တွင် နှစ်စဉ်မိုးရာသီများ၌ သာမာန်ရေပြည့်ရေလျှံမှုမျိုးသာဖြစ်တတ်ကြောင်း ယခုနှစ်ရေကြီးမှုမှာ ယမန်နှစ်များထက်ပြင်းထန် ကြောင်း သံတွဲမြို့သီတင်းသုံးနေသည့် သုခဝတီဆရာတော် မှပြောသည်။

“ဒီလိုရေကြီးရေလျှံမှုမျိူးကနှစ်တိုင်းတော့မဖြစ်ဘူး။ ၂၀၀၄ နဲ့ ၂၀၀၆ ခုနှစ်တုန်းကတော့ဖြစ်ဖူးတယ်။ ကျန်တဲ့နှစ်တွေမှာတော့ပုံမှန်ပါပဲ ဒီနှစ်တော့ပိုပြင်းထန်နေတယ်ပေါ့။ မြို့တစ်ခုလုံးအကုန်ရေနစ်မြုပ်နေတာပါပဲ။ ဓာတ်အားပေးစက်ရုံလည်း ရေနစ်ဆိုတော့ မီးလည်း မရတော့တဲ့အခြေအနေထိရောက်သွားတာပေါ့” ဟုဆိုသည်။

ရခိုင်ပြည်နယ်တစ်ဝန်းတွင် ယခုတစ်ပတ်တွင်းမိုးရွာသွန်းမှုအခြေအနေများကြောင့် မြို့နယ်အလိုက်ရေကြီးရေလျှံမှုမျာနှင့် ဓာတ်အားပြတ်တောက်မှုများကြုံတွေ့နေကြရပြီး သွားရေးလာရေး၊ နေထိုင်ရေးများလည်းအခက်ကြုံလျက်ရှိကြသည်။

Leave a Reply

Your email address will not be published.