သံတွဲမြို့တွင် ပြည်နယ်ကောင်စီကတည်ဆောက်ပေးသည့် အောက်ဆီဂျင်စက် စတင်လည်ပတ်၊ ကိုယ်ထူကိုယ်ထ အောက်ဆီဂျင်စက်ကိုလည်း ဆက်လက် တည်ဆောက်မည်

By Narinjara/ 2021 July 26

အေးမြတ်ခိုင်

(ဓာတ်ပုံ- သံတွဲမြို့တွင် တည်ဆောက်မည့် ကိုယ်ထူကိုယ်ထိ အောက်ဆီဂျင်စက်ရုံအတွက် မြေနေရာရှင်းလင်းနေစဉ်/ ထွန်းသန့်ကျော်ပို့စ်)

သံတွဲမြို့တွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ (ပစက)က တည်ဆောက် ပေးသည့် အောက်ဆီဂျင်စက်ရုံမှာ ဇူလိုင်လ (၂၅)ရက်နေ့တွင် စတင်လည်ပတ်နေပြီဖြစ်သော်လည်း သိမ်ကုန်းကျောင်းတိုက်ဆရာတော် ဦးတေဇိန္ဒ ဦးဆောင်ပြီး ကိုယ်ထူကိုယ်ထတည်ဆောက်မည့် အောက်ဆီဂျင်စက်ကိုလည်း ဆက်လက်တည်ဆောက်သွားမည်ဟု သတင်းရရှိသည်။

လက်ရှိ ပြည်နယ်အစိုးရက တည်ဆောက်ပေးသည့် အောက်စီဂျင်စက်မှာ ဇူလိုင် ၂၅ ရက်နေ့က စတင်လည်ပတ်ခဲ့ပြီး အောက်ဆီဂျင်ဘူး ၁၀ လုံးခန့် စတင် ထုတ်လုပ်နိုင်ခဲ့သည်ဟု သိရသည်။

သံတွဲမြို့အောက်စီဂျင်ဖြစ်မြောက်ရေးဥက္ကဌ ဦးထွန်းသန့်ကျော်က “သူတို့ (ပြည်နယ်အစိုးရ) လုပ်တဲ့စက်က အလုံး (၈၀) ထွက်တယ်။ သူကကျတော့ အဓိက သံတွဲဆေးရုံ အတွက်ပေါ့နော်။ ကျွန်တော်တို့ ပုဂ္ဂလိကလုပ်တဲ့ စက်ရုံကျတော့ တစ်နေ့ကိုအလုံး (၁၂၀)ထွက်မယ်။ သံတွဲ၊ ဂွ၊ တောင်ကုတ်ထိ ရည်ရွယ်တာပေါ့နော်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

သံတွဲမြို့နယ်တွင် ဇူလိုင်လ (၂၄)ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ(၂၀၉) ဦး ရှိနေပြီး အောက်ဆီဂျင် ပေးထားရသူ (၁၅)ဦး နှင့် သေဆုံးသူမှာ (၁၃) ဦး ထိရှိလာနေပြီး အောက်ဆီဂျင်ပြတ်လပ်မှုများလည်း ရှိနေကြောင်း၊ သို့အတွက် ကျောက်ဖြူ၊ မြောက်ဦးမြို့တို့အထိ အောက်ဆီဂျင်ဘူးများ သွားယူရကြောင်း သိရသည်။

သံတွဲမြို့နယ်အတွက် ကိုယ်ထူကိုယ်ထ အောက်ဆီဂျင်စက်ရုံကို ဆက်လက် တည်ဆောက်သွားမည်ဖြစ်ပြီး အနီးအနားရှိ မြို့နယ်၊ တိုက်နယ်ဆေးရုံများသို့ပါ ပံ့ပိုးကူညီသွားမည်ဟု ဦးထွန်းသန့်ကျော်က ပြောသည်။

“ ကျွန်တော်တို့ကျတော့ ဒီသံတွဲတို့၊ ကျိန္တလီတို့၊ ဂွမြို့တို့ပေါ့နော်။ ကြားထဲမှာ ရှိတဲ့ တိုက်နယ် ဆေးရုံတွေက လာဖြည့်တယ်ဆိုရင် ကျွန်တော်တို့က Free အလကား ဖြည့်ပေးမှာလေ။ ကျွန်တော်တို့က သူများတွေလာတယ်၊ လိုအပ်တယ်ဆိုရင် အိုးရှိတယ်ဆိုရင် ကိုဗစ်ရယ်လို့ မဟုတ်ဘူးလေ အဲ့ဒါတွေအတွက် ကျွန်တော်တို့က ကူညီပေးမှာပါ။ အဓိက လူထုကို အခြေပြုတာပေါ့ အစိုးရကတော့ အစိုးရဆေးရုံအခြေပြုတာပေါ့။ အခြေပြုတာခြင်းတော့မတူဘူးပေါ့။ အစိုးရ ဆေးရုံကတော့ အစိုးရ ယန္တရားနဲ့ပဲသွားတာပေါ့”ဟု ပြောသည်။

လက်ရှိအချိန်တွင် စေတနာရှင်များ ထည့်ဝင်လှူဒါန်းထားသောငွေမှာ ကျပ်သိန်းတစ်ထောင်ငါးရာကျော်ရနေပြီး စက်တင်ဘာ လဆန်းလောက်တွင် စက်ရုံ စတင်လည်ပတ်နိုင်မည်ဟု ခန့်မှန်ထားသည်ဟု ဆိုသည်။

“ အခုက အောက်ဆီဂျင်ဘူးတွေကို မြောက်ဦးက သွားယူရတာ ရှိတယ်။ အရင်တုန်းကတော့ ဟိုသွားယူရ ဒီသွားယူရပေါ့.။ ကျောက်ဖြူထိလည်း သွားယူရသေးတယ်၊၊ ကျွန်တော်တို့ အခုစက်ရုံဆောက်လုပ်ဖို့ မြေနေရာ ရှင်းလင်းတုန်းပဲ စက်ကတော့မှာထားပြီးပါပြီ၊ ကျွန်တော်တို့ဆီကို သင်္ဘောနဲ့ နောက်လ ရက်(၂၀)လောက်နေရင်ရောက်မယ်” ဟု ဦးထွန်းသန့်ကျော်က ပြောသည်။

https://www.facebook.com/narinjara.info/posts/4528907530454622

Leave a Reply

Your email address will not be published.