သံတွဲမြို့တွင် ကိုဗစ်ကာကွယ်ဆေး ယနေ့စတင်ထိုး

By Narinjara/ 2021 July 30

သဥ္ဇာနွယ်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီက စတင်ပြီး ကိုဗစ်ကာကွယ်ဆေးကို ဒေသခံပြည်သူများအား ထိုးပေးနေပြီ ဖြစ်ကြာင်း သံတွဲဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းထွန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ဒီနေ့ မနက် ၁၀ နာရီကနေ ၁၂နာရီလောက်ထိ လူဦးရေ ၂၁ဝ ယောက်လောက် ထိုးပေးခဲ့တာပါ။ ကျနော်တို့မှာ ဆေး ရရှိထားတာက အလုံးရေ ၁၄၃၀ ရထားပါတယ်။ ကျနော်တို့ အားလုံးပေါင်း ဆိုရင်တော့ အရင်ထိုးတာတွေနဲ့ ဆိုရင် ၈၈၀၀ ရောက်ပါတယ်။ အဲ့ဒီဟာတွေကိုတော့ ကျနော်တို့ ကုန်အောင်ထိုးပေးမှာပေါ့နော်။ကျနော်တို့က ဆေးထိုးချိန် နာရီဝက်လောက်ကို စောင့်နေရတာဆိုတော့ မနက် ၁၀ နာရီကနေ နေ့လယ် ၁၂ နာရီအထိ လူအယောက် ၂၁၀ ကို ထိုးပေးခဲ့ပါပြီ” ဟု ပြောသည်။

ဆေးထိုးရာတွင် အသက် ၆၅ နှစ်အထက် လူကြီးများအပါအဝင် သတ်မှတ်ချက်နှင့်အညီ ထိုးပေးသည်ဟု ပြောသည်။

“ အသက် ၆၅ အထက် သက်ကြီးရွယ်အိုတွေ၊ ဆေးရုံက ဝန်ထမ်းတွေ၊ ပရဟိတသမားတွေ၊ Volunteer တွေ၊ ဟိုတယ်ဝန်ထမ်းတွေ ၊အဓိကတော့ဗျာ။ လူအများနဲ့ ပြောဆိုဆက်ဆံနေရတဲ့လူတွေကို ဦးစားပေးထိုးပေးတာပါ”ဟု ၎င်းကပြောသည်။

သံတွဲမြို့နယ် အပါအဝင် ရခိုင်က တစ်ခြားမြို့နယ်များတွင် ဆေးအလုံးရေ တစ်သိန်းနီးပါး ထိုးပေးမည်ဟု ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဦးလှသိန်းကပြောသည်။

သံတွဲမြို့နယ်တွင် ဇူလိုင်လ ၂၉ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၂၃၃ ဦးရှိနေပြီး၊ကုသဆဲ ၄၇ ဦးရှိကာ သေဆုံးသူ ၂၀ ဦးထိရှိလာနေပြီ ဖြစ်ကြောင်း၊ သံတွဲမြို့နယ်သည် ကိုဗစ်ကြောင့် ရခိုင်တွင် တတိယ လူအများဆုံး သေဆုံးသော မြို့နယ် ဖြစ်ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4541462039199171

Leave a Reply

Your email address will not be published.