သံတွဲတွင် Stay at Home သတ်မှတ်ထားသည့် မိသားစုအချို့ စားဝတ်နေရေးအခက်တွေ့နေ

By Development Media Group (DMG)/ July 5

သံတွဲမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာများနှင့် ဆက်စပ်ပြီး stay at home သတ်မှတ်ထားသည့် မိသားစုအချို့ စားဝတ်နေရေးအခက်အခဲရှိနေကြောင်း သိရသည်။

stay at home သတ်မှတ်ထားသူများထဲတွင် လက်လုပ်လက်စား မိသားစုများလည်းပါဝင်ပြီး လက်ရှိမှာ စားသောက်ရေးအတွက် အခက်အခဲဖြစ်နေကြသည်။

၎င်းမိသားစုများကို အကူအညီပေးနေသူများထဲမှ ကိုသက်လွင်ဖြိုးက “သူတို့တွေက တစ်နေ့လုပ်မှ တစ်နေ့စားရတာဆိုတော့ အခုအသွားအလာကန့်သတ်လိုက်တဲ့အခါ အလုပ်လက်မဲ့ဖြစ်သွားပြီး စားဝတ်နေရေးအခက်အခဲတွေ ရှိနေတာပေါ့” ဟု ပြောသည်။

အဆိုပါ အသွားအလာကန့်သတ်ထားသူတွေကို ၁၇ ရက်စောင့်ကြည့်ထားခြင်းဖြစ်ကြောင်း သိရသည်။

သံတွဲမြို့နယ်အတွင်းတွင် အသွားအလာကန့်သတ်ထားသူ အိမ်ခြေ ၅၀ ကျော်အထိရှိပြီး ၎င်းတို့ စားသောက်ရေးအဆင်ပြေစေရန်အတွက် ရပ်ကွက်၊ ကျေးရွာများမှအလှူကောက်ခံကာ ကူညီ ပံ့ပိုးပေးလျက်ရှိသော်လည်း ရေရှည်တွင် ယင်းသို့ပံ့ပိုးပေးရန် အခက်အခဲရှိနိုင်သည်ဟု ကိုသက်လွင်ဖြိုးက ဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့အထိ သံတွဲမြို့နယ်တွင် ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၄၅ ဦးရှိရာ ယင်းအထဲမှ ၅ ဦးမှာ ကျန်းမာရေးကောင်းမွန်လာသဖြင့် ဇူလိုင်လ ၄ ရက်နေ့က ဆေးရုံဆင်းခွင့်ပေးလိုက်ပြီး ယင်းနှင့်ဆက်စပ်ပြီး ကွာရတင်းထားရှိသူ ၂၇ ဦးကိုပါ ကွာရတင်းမှ ထွက်ခွင့်ပြုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းတွင် ဇွန်လ ၄ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ သေဆုံးသူ ၃ ဦး ရှိလာသည်။

https://www.facebook.com/dmgnewsagency/posts/2053924598093274

Leave a Reply

Your email address will not be published.