သံတွဲတွင် ရေဘေးကြောင့် ပျက်စီးသွားသည့်နေအိမ်တစ်လုံးစီအတွက် ပြည်နယ်ကောင်စီက ငွေကျပ် (၆)သိန်းစီပေး

By Narinjara/ 2021 July 30

အောင်ဇံ ၊ သဥ္ဇာနွယ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ရေဘေးကြောင့် ပျက်စီးသွားသည့်နေအိမ်တစ်လုံးစီအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ငွေကျပ် (၆) သိန်းစီ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှတာဝန်ရှိသူတို့သည် ယမန်နေ့ ဇူလိုင်လ (၂၉) ရက်နေ့တွင် သံတွဲသို့သွားရောက်ကာ နေအိမ်ပျက်စီးသွားသူများကို သာသနာ့ဗိမာန်တွင် ထောက်ပံ့ငွေ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ”လောလောဆယ် အိမ်ရေထဲမျောပါတယ်လို့ စာရင်းကောက်လို့ ရတဲ့ အိမ်( ၄၆)လုံးကိုတော့ ဘေးစီမံ ဌာနက (၁)သိန်းစီ၊ ကျနော်တို့ ပြည်နယ်ကောင်စီက (၅)သိန်းစီပေးပါတယ်။ ဘေးစီမံကတော့ တစ်ပတ်စာ ဆန်ပေးထားပါတယ်။ ပြည်နယ်ကောင်စီက ထပ်ပေးမှာပါ” ဟု နိရဥ္စစရာသို့ အတည်ပြုပြောကြားသည်။

သံတွဲရေဘေးသင့် ပြည်သူများကို ဆန်တစ်ပတ်စာ၊ စောင်၊ ခြင်ထောင်၊ ဆပ်ပြာ၊ ခေါက်ဆွဲခြောက်၊ နှာခေါင်းစည်း (mask)နှင့် တာပေါ်လင်အစများကို လူဦးရေ (၅၀၀)စာ ထောက်ပံ့ပေးသွားမည်ဟုလည်း ဦးလှသိန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

သံတွဲမြို့တွင် ဇူလိုင်လ (၂၇)ရက်နေ့က မိုးရေချိန် စံချိန်တင်ရွာသွန်းခဲ့ပြီးနောက် ရေလွှမ်းမိုးခဲ့ပြီး မိုးရေချိန်မှာ ( ၁၄) နှစ်ခန့်အတွင်း စံချိန်တင်အများဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။ သံတွဲမြို့ ရေလွှမ်းမိုးခြင်းသည် တောင်ကျချောင်းရေနှင့် ဒီရေတက်လာခြင်းတို့ကြောင့် မထင်မှတ်ဘဲ ပို၍ရေမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

အဆိုပါ ရေလွှမ်းမိုးမှုကြောင့် လူသေဆုံးထိခိုက်မှုများမရှိသော်လည်း နေအိမ်နှင့်အဆောက်အဦများပျက်စီးဆုံးရှုံးမှု များပြားခဲ့ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4540974499247925

Leave a Reply

Your email address will not be published.