By Western News/ 2021 July 10

ရခိုင်ပြည်နယ် သံတွဲမြို့တွင် အောက်ဆီဂျင်လိုအပ်မှုရှိသည့်လူနာများအတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် အောက်ဆီဂျင်စက်ရုံ ဆောက်ရန်စီစဉ်နေကြောင်း ဦးစီးဆောင်ရွက်နေသည့်သူများထံမှသိရသည်။
သံတွဲမြို့တွင် အောက်ဆီဂျင်ကို ပြည်မမှဝယ်ယူ၍ သုံးစွဲနေရပြီး ရေရှည်တွင်အဆင်မပြေမှုများ ရှိလာနိုင်ကြောင်းနှင့် ယခုကာလတွင် ကိုဗစ်ရောဂါကြောင့် အောက်ဆီဂျင်လိုအပ်ချက်မှာပိုများလာသောကြောင့်လည်း စက်ရုံတည်ဆောက်ရန်စီစဉ်ခြင်းဖြစ်ကြောင်း ဦးစီးဆောင်ရွက်နေသူ သိမ်ကုန်းဆရာတော်ကမိန့်သည်။
“အခုလက်ရှိမှာတော့ အောက်ဆီဂျင်လိုအပ်ရင် ပြည်မဘက်ကမှာပြီး ဘုန်းကြီးတို့လှူဒါန်းပေးတယ်။ ဒါက တစ်ပွဲထိုးစနစ်လောက်ပဲ။ ရေရှည်သွားဖို့တော့ မလွယ်ဘူး။ ပြီးတော့ ခုကာလမှာကိုဗစ်ဖြစ်ပွားမှုတွေမြင့်လာတော့ အောက်ဆီဂျင်လိုအပ်တဲ့လူနာတွေက ပိုများလာတယ်။ အဲဒါကြောင့် ရေရှည်မှာ အောက်စီဂျင်စက်ရုံတည်မှသာအဆင်ပြေနိုင်မယ်ဆိုပြီး ခုလိုစက်ရုံတည်ဖို့စီစဉ်ကြတာပါ”
ဆေးရုံရောက်လာသည့်လူနာများတွင် ငွေကြေးပိုင်းအဆင်မပြေသည့်အခါ အောက်ဆီဂျင်မရရှိနိုင်ဖြစ်ပြီး သေဆုံးမှုအထိဖြစ်ရကြောင်း ထိုအဖြစ်များ နောက်ထပ်မကြံစေရန်လည်း ယခုကဲ့သို့စီစဉ်ရခြင်းဖြစ်ကြောင်း ဆရာတော်မှ ဆက်မိန့်သည်။
“ဒီမြို့က ခရိုင်မြို့လည်းဖြစ်တော့ လူနာတွေက မြို့နယ် ၃ ခုလောက်က လာကြတာ။ အောက်ဆီဂျင် ကိစ္စနဲ့ ပတ်သတ်ပြီးတော့ တချို့လူနာတွေက ငွေကြေးမတတ်နိုင်တာတွေရှိတယ်။ အာက်စီဂျင်မရလို့သေသွားတာမျိုး တစ်ခါတစ်ခါအောက်ဆီဂျင်ကရှိတယ် ပိုက်ဆံမရှိလို့ သေသွားတာမျိုးတွေလည်း ကြုံရတယ်။ အဲဒါတွေကြောင့်လည်း ခုလိုမျိူးစီစဉ်ရတာပါ” ဟုမိန့်သည်။
လက်ရှိတွင် တစ်နေ့ကို အောက်ဆီဂျင် ၁၀ လုံးခန့်သုံးစွဲနေရပြီး တစ်လုံးကို ၃၀၀၀၀ ခန့်ကုန်မှုကျမှုခံနေရကြာင်း၊ ယခုတည်ဆောက်မည့် အောက်စီဂျင်စက်ရုံမှာ တစ်နေ့ အောက်စီဂျင် အလုံး ၈၀ လောက်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
ရခိုင်တွင် ကိုဗစ်ဖြစ်ပွားပြီးနောက်ပိုင်း မြို့နယ်အလိုက် အောက်ဆီဂျင်လိုအပ်ချက်များ မြင့်တက်လာပြီး မလုံလောက်မှုများလည်း ရံဖန်ရံခါကြုံတွေ့ကြရသည်။ ထိုသို့သော ပြဿနာများကို ဖြေရှင်းနိုင်ရန် ကိုယ်ထူကိုယ်ထစနစ်ဖြင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်စီစဉ်လာကြခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/327691499037361