သံတွဲတွင်တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံအတွက် ရွှေနန်းဝတီကုမ္ပဏီက ၆၀ × ၈၀ ပေရှိ မြေကွက်လှူဒါန်း

By Narinjara/ 2021 July 13

အောင်ဇံ

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ကိုယ်ထူကိုယ်ထတည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံအတွက် လိုအပ်သည့်မြေနေရာအား ရွှေနန်းဝတီကုမ္ပဏီမိသားစုက လှူဒါန်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါမြေနေရာသည် သံတွဲမြို့ ဘားဒေါင်းတောင် လမ်းဘေးတွင်တည်ရှိပြီး မြေကွက်ဧရိယမှာ ၆၀ × ၈၀ ပေ ရှိသည်ဟု အောက်ဆီဂျင်စက်ရုံအား ဦးဆောင်ဆောက်လုပ်မည့် သံတွဲမြို့ သိမ်ကုန်းကျောင်းတိုက်ဆရာတော် ဦးတေဇိန္ဒက နိရဥ္စရာသို့ မိန့်ကြားသည်။

”မြေနေရာကို ကွင်းဆင်းစစ်ဆေးပြီးနောက် အဆောက်အဦဆောက်လုပ်ပါမယ်။ ဘုန်းကြီးဒကာတစ်ယောက်က သိန်း(၇၀၀)နဲ့ တစ်နာရီမှာလေးလုံးထုတ်မဲ့စက်တစ်လုံးကိုတော့ ပြထားတယ်ပေါ့။ သြဂုတ်လ အလယ်လောက်မှာ ရောက်မယ်လို့ သိရပါတယ်” ဟု မိန့်ကြားသည်။

အဆိုပါအောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရန် ကျပ်သိန်း (၁၅ဝဝ)ခန့်လိုအပ်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် အလှူငွေ ကျပ်သိန်း( ၅၀၀)ကျော် ရရှိထားပြီဟုလည်း သိရသည်။

သံတွဲခရိုင်ဆေးရုံတွင် တစ်နေ့လျှင် အောက်ဆီဂျင် အလုံးရေ ၂၀ ခန့်သုံးနေရပြီး တစ်ခါတစ်ရံ အောက်ဆီဂျင်ပြတ်လပ်မှုနှင့်ကြုံတွေ့နေရသည့်အတွက် ယခုကဲ့သို့ ကိုယ်ထူကိုယ်ထစက်ရုံတစ်ခု တည်ဆောက်ရန်စီစဉ်ရခြင်းဖြစ်သည်ဟု ဆရာတော်က မိန့်သည်။

ယခုအောက်ဆီဂျင် စက်ရုံသည် သံတွဲမြို့နယ်အပြင် တောင်ကုတ်နှင့် ဂွ မြို့နယ်တို့ရှိ တိုက်နယ်ဆေးရုံများအတွက်လည်း ရည်ရွယ်ကြောင်း သိရသည်။ အကန့်အသတ်ဘောင်မထားဘဲ လူမျိုး၊ ဘာသာမရွေး ကူညီမည်ဖြစ်ကြောင်း ဆရာတော်က ဖြည့်စွက် မိန့်ကြားသည်။

သံတွဲတွင် ဇူလိုင်က ၁၁ ရက်နေ့အထိ ကိုဗစ်ရောဂါကြောင့်သေဆုံးသူ (၃)ဦး ရှိသွားပြီဖြစ်ပြီး ရခိုင်တစ်ပြည်နယ်လုံးတွင် ၁၅ ဦး သေဆုံးသွားပြီဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4489019351110107

Leave a Reply

Your email address will not be published.