ဝါဆိုလပြည့်နေ့တွင် စစ်တွေရှိ နာမည်ကြီးဘုရားတို့၌ ဥပုလ်သီလတည်ဆောက်သူမရှိ

By Western News/ 2021 July 23

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုများမြင့်တက်လာမှုအပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကမြို့နယ်တိုင်းတွင် ၁၄ ရက်ကြာ Stay Home သတ်မှတ်ခဲ့ပြီး ကိုဗစ်နှင့် ပတ်သက်သည့်စည်းကမ်းများလိုက်နာရန် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းအပြင် ကိုဗစ်တတိယလှိုင်း ဖြစ်ပွားမှုမြင့်တက်နေသောကြောင့် ဝါတွင်းကာလများတွင် လူစုလူဝေးများပြုလုပ်ပြီး ဥပုသ်သီလ တည်ဆောက်ခြင်း အလှူဒါနပြုလုပ်ခြင်းများအား အထူးရှောင်ရှားကြရန် ဇူလိုင်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် မယူဒေသသံဃသမဂ္ဂမှ အသိပေးကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်များထုတ်ပြီးနောက်ပိုင်းတွင် မြို့နယ်တိုင်းရှိကျေးရွာများတွင်လူသွားလူလာများနည်းသွားခဲ့သလို ယနေ့ဇူလိုင်လ ၂၃ ရက်တွင် ကျရောက်သော ဝါဆိုလပြည့်နေ့၌ စစ်တွေမြို့ရှိ အထင်ကရနေရာများဖြစ်ကြသည့် လောကာနန္ဒာဘုရားနှင့် ဗဟိုကိုးနဝင်းဓာတု စေတီတို့တွင် ဥပုလ်သီလဆောက်တည်သူ တစ်ဦးတစ်ယောက်မျှ မရောက်ရှိကြကြောင်း ဂေါပကအဖွဲ့ဝင်များက ပြောသည်။

ပြီးခဲ့သည့် ၂၀၂ဝပြည့်နှစ်တွင် ကျရောက်ခဲ့သောဝါဆိုလပြည့်နေ့၌ဆိုလျှင် အဆိုပါဘုရားတို့၌ ဥပုလ်သီလတည်ဆောက်သူ အများအပြား လာရောက်ခဲ့ကြသော်လည်း ယခုနှစ်တွင် ULA ကမြို့နယ်တိုင်းတွင် ၁၄ ရက်ကြာ Stay Home သတ်မှတ်ခဲ့ပြီး ကိုဗစ်နှင့် ပတ်သက်သည့် စည်းကမ်းများလိုက်နာရန် ထုတ်ပြန်ကြေညာရာတွင် ဒေသခံများကလိုက်မှုရှိကြောင်းတွေ့ရှိရသည်ဟု ရခိုင်အရပ်ဖက် အဖွဲ့အစည်းများကပြောသည်။

စစ်တွေမြို့ရှိလမ်းမကြီးများတွင်လည်း လူသွားလူလာ မရှိသလောက်ဖြစ်နေသည်ကိုမြင်တွေ့နေရပြီး ရခိုင်ပြည်နယ်အတွင်းက မြို့များတွင်လည်းလူသွားလူလာများယခင်နေ့ကများထက်ရှင်းလင်းနေသည်ကိုတွေ့ရသည်။

ဇူလိုင်လ ၂၂ ရက်နေ့ထိ ကိုဗစ်ပိုးတွေ့လူနာ ၁၉၂၆ ဦးနှင့် ကိုဗစ်အတည်ပြုလူနာ သေဆုံးမှုမှာ ၈၁ ဦးထိ ရှိပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ဇူလိုင်လ ၂၃ ရက်နေ့ ထုတ်ပြန်သည်။

https://www.facebook.com/westernnewsagency/posts/335590241580820

Leave a Reply

Your email address will not be published.