By Narinjara/ 2021 July 12
အောင်ဇံ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လူ့အခွင့်အရေးလှုပ်ရှား၍ ငြိမ်း/စု/စီပုဒ်မဖြင့် တရားစွဲခံခဲ့ရသည့် ရခိုင်လူငယ်သုံးဦးသည် ယနေ့တွင် ဒဏ်ငွေရိုက်ခံခဲ့ရသည်ဟု သိရသည်။
ဒဏ်ငွေရိုက်ခံခဲ့ရသူများမှာ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် အဖွဲ့ဝင်များ ဖြစ်ကြသည့် ကိုသန်းလှ(ခ)ကိုမင်းဘာချေ၊ မခိုင်မြတ်သူနှင့် ကိုနိုင်နိုင်ထွန်းတို့ဖြစ်သည်။
သူတို့ကို ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီတွင် စစ်တွေမြို့နယ်တရားရုံးက တစ်ဦးလျှင် ကျပ် (၂)သောင်းစီ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင်များက ပြောသည်။
”မြန်မာနိုင်ငံရဲ့သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာတောင်မှ လူ့အခွင့်အရေးကိုကိုယ်စားပြုပြီးတော့ စံချိန်စံညွှန်း ကောင်းကောင်းနဲ့ ရှိနေတဲ့အကြောင်း အရာတွေ ဘာမှမပါဘူးပေါ့လေ။ ဆိုတော့ ဥပဒေအရ မပါသလို ဒီနေရာမှာ စိစစ်ပြီးတော့ အမိန့်ချမှတ်တဲ့ တရားသူကြီးတွေ ကိုယ်၌ကလူ့အခွင့်အရေးဆိုတဲ့အပေါ်ကို ဘာမှ နားမလည်တာတွေရှိတယ်။ ဒီလိုမျိုး ရှိနေကြတဲ့ အခါ ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်တို့၊ ပြောဆိုခွင့်တို့ သူတို့ဘာမှ သိမှာမဟုတ်ဘူးလေ။ ဘာမှ မသိတဲ့လူတစ်ယောက်က အခုလို အမိန့်ချတာ မဆန်းပါဘူး ” ဟု ကိုသန်းလှ(ခ)ကိုမင်းဘာချေက ပြောသည်။
အမိန့်ချခံရသူသုံးဦးသည် စစ်တွေမြို့တွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်နေ့ကကျရောက်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ကမ်ပိန်းပြုလုပ်ခဲ့မှုကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှုးဇော်နိုင်က တရားလိုပြုလုပ်၍ ငြိမ်းစုစီ ပုဒ်မဖြင့် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။
တရားစွဲခံခဲ့ရပြီးနောက် (၆)လအကြာတွင် ယခုကဲ့သို့ အမိန့်ချမှတ်ခံခဲ့ရခြင်းလည်းဖြစ်သည်။
https://www.facebook.com/narinjara.info/posts/4488036301208412