By Narinjara/ 2021 July 24
သန္တာကျော်ဇော၊ သဥ္ဇာနွယ်
လူဦးရေ တစ်ထောင်နီးပါးခန့်ရှိသည့် မြောက်ဦးမြို့နယ်၊ ကုလားချောင်းစစ်ဘေးရှောင်စခန်းတွင် မိုးပြင်းထန်စွာရွာသွန်းပြီး ဒီရေတက်လာမှုကြောင့် ရေကြီးရေလျှံပြီး စခန်းနေစစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးနှင့် သွားလာရေးများ အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။
ကိုဗစ်ကာလဖြစ်နေသည့် အချိန်တွင် စခန်းကိုပါ ရေတက်လာပြီး နစ်မြုပ်နေသည့်အတွက် စားဝတ်နေရေးအခက်အခဲ၊ ဆေးဝါးမလုံလောက်မူအကျပ်တည်း၊ သွားလာရေး အခက်အခဲများဖြင့် ရင်ဆိုင်နေကြောင်း ၎င်းစစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံဦးမောင်သာကျော်က နိရဥ္စရာသတင်းဌာနကို ပြောသည်။
“ စခန်းမှာရေကြီးနေတာကတော့ နှစ်ရက်ကျော်လောက်ရှိနေပြီ။ ရေကတစ်ရက်လုံးပြည့်နေပါတယ်။ လမ်းတောင်မပေါ်ဘူး၊ မြုပ်နေတယ်။ ချောင်းရေတွေ တိုးလာတာကြောင့်တစ်မျိုး၊ မိုးများတာကြောင့် တစ်မျိုး၊ ရေတွေကြီးလာတာပါ။ အိမ်ပေါ်ကြမ်းခင်းတွေထိတောင် ရေကတက်လာတယ်။ နေရေး ထိုင်ရေးတွေက အရမ်းခက်ခဲနေတယ်။ အိမ်ပေါ်တွေထိတောင် ရေကရောက်လာတယ်ဆိုတော့ ပစ္စည်းတွေကို ရွှေ့ပြီး လူက နေစရာလည်း မရှိဘူးဖြစ်နေတယ်” ဟု ၎င်းကပြောသည်။
ယင်းစခန်းတွင် ယခင်နှစ်ကရေကြီးမှုများရှိခဲ့သော်လည်း ယခုနှစ်လောက် ရေကြီးမှု မရှိခဲ့ဟု သူကဆက်ပြောသည်။
၎င်းစခန်းတွင် ကိုဗစ်ရောဂါကြောင့်လည်း အသွားအလာကန့်သတ်ထားမှုများလည်းရှိနေသဖြင့် စားနပ်ရိက္ခာအတွက်အခက်အခဲရှိနေကြောင်း၊ လူကယ်ပြန်က ဆန်တစ်လစာထောက်ပံ့ ပေးထားသော်လည်း လကုန်ချိန် ဖြစ်၍ ရိက္ခာပြတ်လပ်ခါနီးပြီဖြစ်ကြောင်း စခန်းရှိ စစ်ဘေးရှောင်များက ပြောသည်။
“ ကိုဗစ်ကြောင့် ရွာတွေကိုလည်း အသွားအလာပိတ်ထားတော့ လိုအပ်တဲ့ ငါး၊ ဟင်းသီးဟင်းရွက်တွေ ဝယ်ဖို့အခက်အခဲဖြစ်ရတယ်။ ဆပ်ပြာမှုန့်၊ လက်သန့်ဆေးရည်တို့လည်းကုန်နေပြီ၊ သွားဝယ်ဖို့ကလည်း အဆင်မပြေဘူးဖြစ်နေတယ်။ ကျွန်တော်တို့စခန်းမှာလည်း ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းကမ်းတွေ သတ်မှတ်ထားတယ်။ ဘဏ်အခက်အခဲတွေ၊ WAVE MONEY အခက်အခဲတွေကြောင့်လည်း WFP (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့) ကထောက်ပံ့ငွေလည်း ထုတ်မရဘူး။ တော်တော်လည်း ကျပ်တည်း ဆင်းရဲဒဏ်ကို ခံစားနေရတယ်” ဟု စခန်းတာဝန်ခံဦးမောင်သာကျော်က ဆက်ပြောသည်။
ယင်းကုလားချောင်းကျေးရွာစစ်ဘေးရှောင်စခန်းသည် မြောက်ဦးမြို့ မြောက်ဘက်တွင် တည်ရှိပြီး စခန်းတွင် ရွာပေါင်း ၁၅ ရွာမှ စစ်ဘေးရှောင်သူဦးရေ ၉၆၃ ဦးနှင့် အိမ်ထောင်စု ၁၆၂ စုရှိကြောင်းသိရသည်။
https://www.facebook.com/narinjara.info/posts/4523065501038825