ရွှေပြည်တန်ရေယာဉ်ပြေးဆွဲမှု မြို့နယ် ၅ မြို့နယ်ကို မနက်ဖြန်မှ စ၍ ရက်အကန့်အသတ်မရှိ ရပ်နားမည်

By Western News/ 2021 July 19

ရခိုင်ပြည်နယ်မှ မြို့နယ်အသီးသီးသို့ရေကြောင်းလိုင်းပြေးဆွဲနေသည့် ရွှေပြည်တန် အမြန်ရေယာဉ် ပြေးဆွဲမှုကို စစ်တွေမှ မြို့နယ် ၅ မြို့နယ်သို့ မနက်ဖြန် ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ ရက်အကန့်အသတ် မရှိရပ်နားသွားမည်ဖြစ်ကြောင်း ရေကြောင်းလိုင်းမှ တာဝန်ရှိသူကပြောသည်။

ပြေးဆွဲမှုရပ်နားလိုက်သည့်မြို့နယ်များမှာ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နီမော်၊ တောင်ကုတ်နှင့် မာန်အောင်မြို့တို့ ဖြစ်သည်။

ယင်းအပြင် ပြေးဆွဲမှုရပ်နားလိုက်ရခြင်းမှာ ခရီးသည်များလိုက်ပါစီးနင်းသူနည်းပါးမှုနှင့် ဒီဇယ်ဆီပြတ် တောက်သွားခြင်းတို့ကြောင့် ဖြစ်သည်ဟု ရွှေပြည်တန်အမြန်ရေယာဉ်မှ မန်နေဂျာဦးစံမော်သိန်းကပြောသည်။

“မနက်ဖြန်စလို့ရပ်နားသွားမယ်။ အဓိကတော့ ခရီးသည်တွေလိုက်ပါမှုနည်းလာတယ်။ ပြီးတော့ ဒီဇယ်ဆီဝယ်လို့ မရလို့ ရပ်နားသွားမှာဖြစ်တယ်။ ဒီဇယ်ဆီဝယ်လို့မရတာက ဆိုင်တွေမှာပြတ်သွားလို့ဖြစ်တယ်။ ပြန်လည်ပြေး ဆွဲမယ့်နေ့ကိုလည်း မသိရသေးဘူး ” ဟု ပြောသည်။

ယခုလို မြို့နယ် ၅ မြို့နယ်သို့ ရွှေပြည်တန် အမြန်ရေယာဉ်ပြေးဆွဲမှုရပ်နားသွားမည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ထွေထွေထူးထူးပြောစရာ မလိုသလို သွားလာမှုအပိုင်းကိုလည်း အချိန်အတိုင်းအတာတစ်ခုထိစောင့်ရမည်ဖြစ် သည်ဟု ကျောက်ဖြူမြို့မှ ခရီးသည်တစ်ဦးဖြစ်သူ ကိုထွန်းကြွယ်ကပြောသည်။

“အခုက ရခိုင်ပြည်နယ်မှာလည်း ကိုဗစ်ရောဂါဖြစ်ပွားနေတာတွေများလာတယ်။ အခုလိုရပ်နား ထားတာနဲ့ ပတ်သက်လို့ ထွေထွေထူးထူးပြောစရာတော့မရှိပါဘူး။ ပြည်မဖက်တွေမှာဆိုရင် Lowdown ချထားတာ တွေရှိတယ်။ ရခိုင်မှာဆိုလည်းဒါကို သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက ထိန်းချုပ်နေတာကို တွေ့ရတယ်။ သွားလာတဲ့အပိုင်းမှာတော့ အချိန်အတိုင်းအတာတစ်ခုထိ စောင့်ရမှာပေါ့” ဟု ပြောသည်။

သို့သော်လည်း စစ်တွေမှ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပေါက်တော၊ ဘူးသီးတောင်မြို့နယ်တို့ကို ပြေးဆွဲမှု မရပ်နားပဲ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ပုံမှန်ပြေးဆွဲသွားမည်ဖြစ်သည်ဟုလည်း ဦးစံမော်သိန်းကပြောသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ ပြေးဆွဲနေသည့် ရေယာဉ်များမှာ ရွှေပြည်တန်၊ ရွေနဒီ၊ မင်းပြား အဥ္စနနဒီ၊ ကစ္ဆပနဒီ၊ မလိခ၊ အောင်ကျော်မိုးစသည့်ရေယာဉ်လိုင်းများ အဓိကပြေးဆွဲလျက်ရှိသည်။

https://www.facebook.com/westernnewsagency/posts/332992481840596

Leave a Reply

Your email address will not be published.