By RFA/ 2021 July 2
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရတဲ့ တင်းမကျေးရွာသားတွေဟာ လာမယ့် အောက်တိုဘာလမှာ နေရပ်ပြန်ဖို့ ပြင်ဆင်နေပြီလို့ တင်းမဆရာတော် ဦးဝါယမိန္ဒက RFA ကို ဒီကနေ့ ပြောပါတယ်။
နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က ကျောက်တော်မြို့နယ် ထွေအုပ်ရုံးမှာ ကျေးရွာအုပ်ရေးမှူး အပါအဝင် ရပ်မိရပ်ဖ ငါးဦးနဲ့ တပ်မတော်က ဗိုလ်မှူး တစ်ဦး၊ ရဲ၊ လဝက တွေအပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဆွေးနွေးတဲ့အခါမှာ အခုလို ဆုံးဖြတ်လိုက်ကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ဒေသခံတွေဘက်က တောင်းဆိုထားတဲ့ မိုင်းရှင်းလင်းရေး၊ နေအိမ်တွေ ပြန်ဆောက်ပေးရေး နဲ့ ဒေသဖွံ့ဖြိုးလုပ်ငန်းစဉ်တွေကို စစ်ကောင်စီဘက်က တစ်ခုချင်းစီ လုပ်ပေးမယ်လို့လည်း ပြောဆိုခဲ့တယ်လို့ ဆရာတော် ဦးဝါယမိန္ဒက ပြောပါတယ်။
ဒါပေမဲ့ တင်းမကျေးရွာအနီးက တောင်ရှည်တောင်မှာ ချထားတဲ့ တပ်မတော်စခန်းကို ရုပ်သိမ်းပေးဖို့၊ ဒေသခံတွေ လုံခြုံရေး အပြည့်အဝပေးဖို့နဲ့ တပ်မတော်က ဖမ်းဆီးသွားပြီး အခုအချိန်ထိ သတင်းအစအန မရသေးတဲ့ တင်းမကျေးရွာသား ၁၈ ဦးကိစ္စတွေကိုတော့ ပြောဆိုသွားတာ မရှိဘူးလို့လည်း ဆိုပါတယ်။
ဒေသခံတွေကတော့ ဒုက္ခသည်စခန်းမှာ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတာကြောင့် နေရပ်ကို ပြန်လိုကြပေမယ့် အသက်အန္တရာယ် တစ်ခုခုဖြစ်မှာ၊ စားဝတ်နေရေးတွေ အခက်အခဲဖြစ်မှာကို စိုးရိမ်နေကြပြီး အဲဒါတွေကို စစ်ကောင်စီအနေနဲ့ အပြည့်အဝ လုပ်ပေးစေလိုတယ်လို့လည်း ဆရာတော် ဦးဝါယမိန္ဒက မိန့်ပါတယ်။
အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ အဲဒီတင်းမကျေးရွာသားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လကတည်းက ကျောက်တော်မြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ တခြား နီးစပ်ရာ စစ်ဘေးဒုက္ခသည်စခန်းတွေကို ရွာလုံးကျွတ် ထွတ်ပြေးတိမ်းရှောင်ခဲ့ရတာပါ။
အဲဒီနောက် လူနေအိမ် ၁၃၂ ဆောင် မီးရှို့ဖျက်ဆီးခံလိုက်ပြီး တခြားနေအိမ် ၉၃ အိမ်ဟာလည်း အခုလက်ရှိ လုံးဝပျက်စီးသွားပြီလို့လည်း ဒေသခံတွေက RFA ကိုပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်တွေက စွန့်ခွာပြီး စစ်ဘေးဒုက္ခသည်စခန်းအသီးသီးမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ခုနှစ်သောင်းကျော်နဲ့ စခန်းပြင်ပ နီးစပ်ရာ အသီးသီးမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည် ငါးသောင်းကျော်၊ စုစုပေါင်း တစ်သိန်းနှစ်သောင်းကျော် ရှိနေသေးတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ စာရင်းတွေအရ သိရပါတယ်။
https://www.rfa.org/burmese/news/tinma-villagers-prepare-to-goback-07022021095248.html