ရေကြီးလာ၍ အန္တရာယ်ရှိ စစ်ဘေးရှောင်စခန်း ပြောင်းရွှေ့

By Western News/ 2021 July 29

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးလာ၍ အန္တရာယ်ရှိသည့် စိုက်ပျိုးရေး စစ်ဘေးရှောင်စခန်းကို မြို့ပေါ်သို့ အရေးပေါ် ပြောင်းရွှေ့လိုက်ရကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူများက ပြောသည်။

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့ မြို့မရပ်ကွက်ရှိ စိုက်ပျိုးရေး စစ်ဘေးရှောင်စခန်းတွင် မိုးကြီးရေလျှံဖြစ်ပေါ်မှုကြောင်း အိမ်ထောင်စု ၃၆ စု အား မြို့နယ်တိုင်းရင်းဆေးပေးခန်းသို့ ရွှေ့ပြောင်းလိုက်ရကြောင်း စခန်းတာဝန်ခံ ဦးရွှေစိန်မောင်က Western News ကိုပြောသည်။

“အိမ်ကတော့ သုံးဆောင်လောက် ရေရောက်နေပါပြီ။ အန္တရာယ်ရှိနေတာက ၃၆ ဆောက်လောက်ရှိပါတယ်။ အဲ့ဒီအန္တရာယ်ရှိတဲ့အိမ် ၃၆ လုံးကို မြို့နယ်တိုင်းရင်း ဆေးပေးခန်းကို ရွှေ့ပြောင်းထားပေးထားရတယ်”ဟု သူကပြောသည်။

နောက်ထပ် မိုးကြီးမှုများဖြစ်လာ လာလျှင် ပလက်ဝမြို့၏ စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်သည်ဟု Raiki လူမှုရေးကူညီရေးအဖွဲ့ ပလက်ဝမြို့တာဝန်ခံ ဦးကျော်ရှိန်းက ပြောသည်။

“ စခန်းကိုရေ အနည်းငယ်ရောက်နေပါပြီ။ လက်ရှိတွင် နွေရာသီ ပုံမှန်ရေထက် ပေ ၂ဝလောက်မြင့်တက်မှုတွေရှိပါတယ်။ အခုက စိုးရိမ်ရတဲ့ အခြေနေတော့မဟုတ်သေးဘူး။ ဒါပေမယ့် အဆက်မပြက် မိုးရွာသွန်းမယ်ဆိုရင်တော့စိုးရိမ်ရတဲ့ အခြေနေတွေ ရောက်လာနိုင်တယ်”ဟုသူကပြောသည်။

မိုးကြီးရေလျှံမှုတွေကြောင်း ရေမြင့်တက်လာခြင်းရှိသော်လည်း စိုးရိမ်ရေမှတ် ရောက်ရှိလာခြင်းမရှိသေးဟု ပလက်ဝ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးညီညီဝင်း Western News ကိုပြောသည်။

“ပြီးခဲ့တဲ့ ရက်တွေက မိုးကြီးတော့ ရေကနည်းနည်းများလာတာကြောင့် ရေမြင့်တက်လာမှာစိုးရိမ်စိတ်တွေ ရှိသွားကြတာပါ။ လက်ရှိမှာ နည်းနည်းလေး ရေရောက်နေတဲ့ အိမ် ၃ လုံးလောက် သူတို့အစီစဉ်နဲ့ ပြောင်းထားတာတို့ရှိပါတယ်။ နောက်ထပ် ရေ ၆ ပေ ၇ ပေလောက်မြင့်တက်လာရင်တော့ ကျွန်တော်ဘက်ပြောင်းရွေ့ပေးဖို့စီစဉ် ထားပါတယ်။ ရေမြင့်တက်မှုကစိုးရိမ် အမှတ်တော့ မရှိသေးဘူး”ဟု သူကပြောသည်။

အဆိုပါ စစ်ဘေးရှောင်သည် ပလက်ဝမြို့ မြို့မရပ်ကွက် ကုလားတန်းမြစ်ကမ်းနားဘေးတွင်တည်ရှိပြီး ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၂၃၄ စုရှိပြီး လူဦးရေ ၁၀၆၆ ဦးခန့်ရှိသည်။

https://www.facebook.com/westernnewsagency/posts/339580657848445

Leave a Reply

Your email address will not be published.