By RFA/ 2021 July 31
■ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း မိုးသန်းထည်စွာ ရွာသွန်းခဲ့လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက ထောင်နဲ့ ချီတဲ့ ရိုဟင်ဂျာတွေ နေရာရွေ့ပြောင်းခဲ့ရတယ်လို့ ကုလသမဂ္ဂအရာရှိရဲ့ ပြောကြားချက်ကို ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ အများစု အခြေချနေထိုင်တဲ့ ကော့ဇက်ဘဇားပြည်နယ်ထဲမှာ မိုးရေကြီးမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅ ဦးနဲ့ ရိုဟင်ဂျာ ကလေးငယ်သုံးဦး အပါအဝင် ရိုဟင်ဂျာခြောက်ဦး သေဆုံးခဲ့ရတယ်လို့ သတင်းမှာဖော်ပြပါတယ်။
ဒီကော့ဇက်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းဟာ မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ တစ်သန်းနီးပါးခိုလှုံနေတဲ့ ကမ္ဘာ့ အကြီးဆုံး ဒုက္ခသည်စခန်းကြီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းက စခန်းတွင်း မီးအကြီးအကျယ်လောင်ခဲ့လို့ ပြန်လည်နလန်ထူဖို့ ကြိုးစားနေချိန်မှာပဲ အခုမိုးရာသီမှာ ရေကြီးဒဏ် ပြန်ကြုံရပြန်တာမို့ စခန်းတွေကို ကာရံထားတဲ့ ဝါးနဲ့ ပလပ်စတစ် အခင်းအကာတွေ ရေထဲမျောပါသွားရပြီလို့ သတင်းမှာဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးသန်းထန်စွာရွာသွန်းလို့ ယာယီကယ်ဆယ်ရေးစခန်းပေါင်း ၄၀၀၀ နီးပါးရေနှစ်မြုပ် ပျက်စီးခဲ့ရပြီး ဒုက္ခသည် နှစ်သောင်းတစ်ထောင်ကျော် ရေဘေးဒုက္ခခံစားနေကြရတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ပြောပါတယ်။