By VOA/ 2021 July 29

ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF) ရဲ့ ကော်မရှင်နာမင်းကြီး Nury Turkel ကပြောပါတယ်။
“မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တဲ့လုပ်ရပ် ကျုးလွန်ခဲ့တဲ့ စစ်တပ်ခေါင်းဆောင်အများအပြား အာဏာရယူထားတာကို တွေ့ရမှာဖြစ်ပြီး ကျုးလွန်ခဲ့မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့နဲ့ အရေးယူနိုင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်” လို့ ကော်မရှင်နာမင်းကြီး Nury Turkel ကပြောပါတယ်။
ကမ္ဘာတဝန်း လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ USCIRF မှာ ဇူလိုင်လ ၂၈ ရက်နေ့ကလုပ်တဲ့ ကြားနာပွဲအတွင်း ရိုဟင်ဂျာတွေ အကြမ်းဖက် ဖိနှိပ်ခံနေရတဲ့ အခြေအနေကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့တာပါ။
ကမ္ဘာတဝန်း ဘာသာရေးလူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေအကြောင်းနဲ့ တရားစီရင်ရေးလုပ်ငန်းစဉ်တွေအကြောင်း ပြောဆိုကြတဲ့အခါ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေအကြောင်းနဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက ICJ နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုထားတဲ့အကြောင်းအရာတွေကို ပါဝင်ဆွေးနွေးသူတချို့က ဥပမာပေး ပြောဆိုသွားပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာစစ်တပ်ကောင်စီက လက်မခံသလို ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရက်စက်မှုတွေကို အမေရိကန်ပြည်ထောင်စုက လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင် သတ်မှတ် မထားသေးပါဘူး။
ဒါပေမဲ့ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတဲ့ ရာဇဝတ်မှုအဖြစ် သုံးနှုန်းပြောဆိုပြီး အမေရိကန်ပြည်ထောင်စုရဲ့ နောက်ထပ် အရေးယူ ပိတ်ဆို့ဒဏ်ခတ်တာတွေနဲ့ ထပ်ပြီး ရင်ဆိုင်ရနိုင်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မကြာသေးခင် သီတင်းပတ်တွေအတွင်းကပဲ သတိပေးထားပါတယ်။
ကမ္ဘာတဝန်းမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်ရှိနေပေမဲ့ ကျူးလွန်သူတွေအပေါ် အပြစ်ပေး အရေးယူနိုင်ခြင်းမရှိတာဟာ အလားတူဖြစ်ရပ်တွေ ထပ်မပေါ်ပေါက်အောင် တားဆီးရေးမှာ အားနည်းချက်တခု ဖြစ်နေတဲ့အကြောင်း USCIRF နဲ့ Tom Lantos လူ့အခွင့်အရေးကော်မရှင်တို့ ပူးတွဲကျင်းပတဲ့ ကြားနာပွဲအတွင်း ပါဝင်သူတွေက ပြောဆိုကြပါတယ်။အောက်လွှတ်တော်အမတ်တွေဖြစ်တဲ့ James McGovern၊ Chris Smith တို့နဲ့အတူ အမေရိကန် နိုင်ငံခြားရေး ဌာန အရာရှိဟောင်းတွေ၊ ကုလသမဂ္ဂနဲ့ ဥပဒေရေးရာ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ ပါဝင်ဆွေးနွေးပါတယ်။
၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု နိုင်ငံတကာ သဘောတူညီချက်အရ ဒီလိုအလားတူဖြစ်ရပ်တွေ သမိုင်းမှာ ထပ်မကြုံစေဖို့ ဆုံးဖြတ်ခဲ့ကြပေမဲ့ ထိရောက်ဖို့ဆိုရင် ကျုးလွန်သူတွေကို အရေးယူနိုင်တဲ့ တရားစီရင်ရေး လုပ်ငန်းစဉ်တွေ အားကောင်းလာဖို့ လိုတယ်လို့ ကြားနာပွဲမှာ ပါဝင်သူတွေက ပြောဆိုကြပါတယ်။
https://www.facebook.com/VoA.Burmese.News/posts/10159323213425170