By Western News/ 2021 July 1

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီပြင်စစ်ရှောင်စခန်းတွင် ရိက္ခာပြတ်လပ်မှုနှင့် ကြုံနေရသည်မှာ ၂ လကျော်ခန့် ကြာမြင့်နေပြီ ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။
စခန်းကို အပြည်ပြည်ဆိုင်ရာကြကပ်ခြေနီးကော်မတီ ICRC နှင့် လူကယ်ပြန်မှ ပုံမှန်ထောက်ပံ့နေခြင်းဖြစ်ပြီး နှစ်ဖွဲ့လုံးဆီမှ ထောက်ပံ့မှု မရရှိတော့၍ စခန်းရှိ စစ်ရှောင်များမှာ အလွန်အခက်ခဲဖြစ်နေကြကြောင်း စခန်းတာဝန်ခံ ဦးထွန်းမြင့် ကပြောသည်။
“၄ လပိုင်းကုန်လောက်ကတည်းက စခန်းမှာရိက္ခာပြတ်နေတာပါ။ ပုံမှန်ကတော့ စခန်းကို ICRC နဲ့လူကယ်ပြန်တို့ ကထောက်ပံ့ ပေးထားတာပါ။ လူကယ်ပြန်က ဆန်ထောက်ပံ့တယ်။ ICRC ကတော့ တစ်ခြားစားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ ပေးတယ်။ ICRC ကတော့ ၂၀၂၀၊ ဆယ်လပိုင်းနောက်ပိုင်းကစပြီး ထောက်ပံ့မှုမရတော့တာ။ နှစ်ဖွဲ့လုံးထောက်ပံ့မှု မရတော့တာ”ဟုဆိုသည်။
ICRC မှထောက်ပံ့မှုရပ်သွားခြင်းမှာ အစိုးရမှ စစ်ဘေးရှောင်များအား တိုက်ရိုက်ထောက်ပံ့ခြင်းကို ခွင့်မပြုဘဲ မြို့နယ်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ထောက်ပံ့ပေးခွင့်သာပြုခြင်းကြောင့်ဖြစ်ပြီး လူကယ်ပြန်မှ ထောက်ပံ့မှုမရခြင်း မှာ အဘယ်ကြောင့်ဖြစ်သည်ကို မသိရှိကြောင်း သူကဆက်ပြောသည်။
ယခုကဲ့သို့ ရိက္ခာထောက်ပံ့မှုမရရှိခြင်းကြောင့် ဖြစ်သလိုစားသောက်နေရပြီး အလွန်အခက်အခဲဖြစ်နေကြောင်း စခန်းတွင်နေထိုင်သည့် မလှလှအေး ကပြောသည်။
“ပုံမှန် ရိက္ခာတွေမရတော့ ရိက္ခာပြတ်နေတာပေါ့။ ထောက်ပံ့မှုတွေမရတော့ အခက်အခဲဖြစ်နေတဲ့ထဲမှာ အခက်အခဲပိုဖြစ်တယ်။ စခန်းမှာနေတဲ့လူတွေကတော့ ဖြစ်သလိုပဲ အနီးအနားကတောတောင်တွေထဲ သွားပြီး ထင်းရှာဟင်းခူးပေါ့။ ပြီးရင်ရသလောက်လေး ဈေးထဲချရောင်း။ တစ်ချို့လည်း ချောင်းထဲဆင်းငါးရှာ ကြုံရာလုပ်ပေါ့။ အဲလိုပဲရှာဖွေစားသောက်နေကြရတယ်” ဟုဆိုသည်။
လူကယ်ပြန်မှ ယခုကဲ့သို့ ရိက္ခာထောက်ပံ့မှုများပြတ်လတ်သွားခြင်းမှာ လတ်တလောဖြစ်ပွားနေသည့် ဘဏ်ပြဿနာကြောင့်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃) ဖြစ်သည့် ဦးသန်းထွန်း ကပြောသည်။
“လူကယ်ပြန်ကထောက်ပံ့မှုတွေပြတ်လပ်သွားက ဘဏ်တွေကငွေထုတ်မရလို့ပါ။ ဟိုဘက်ကတောထော့က်ပံ့ငွေတွေလွှဲထားတယ်။ ဒီဖက်ကထုတ်မရဘူး အဲလိုမျိုးပေါ့။ စေတီပြင်စခန်းကကျတော့ ရိက္ခာပြတ်လပ်နေတာကိုအကြောင်းကြားလာတာရှိတယ်။ အဲဒါကြောင့် အမြန်ဆုံးထောင်ပံ့နိုင်ဖို့ဆောင်ရွက်နေတယ်”ဟုဆိုသည်။
အဆိုပါ စခန်းတွင် ရေစိုးချောင်း၊ ငစံဘော်၊ ကံပြင်၊ စဖိုကျွန်း၊ ပြင်ဝန်း၊ အောင်စည်ကုန်းနှင့် အောက်ကျောင်းတောင်း စသည့်ကျေးရွာ များမှ အများဆုံးဖြစ်ပြီး လက်ရှိတွင် အိမ်ထောင်စု ၃၃၇ စုနှင့် လူဦးရေ ၁၄၂၀ ရှိသောစစ်ရှောင်စခန်းတစ်ခုဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/321224013017443