ရသေ့တောင်မြို့တွင်တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံအတွက် တစ်ရက်တည်းအတွင်းစေတနာရှင်များက ကျပ်သိန်း၃၀၀ ကျော်အလှူငွေထည့်ဝင်

By Narinjara/ 2021 July 18

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဆေးရုံတက်ရောက်ကုသကြသည့် လူနာများအတွက် လိုအပ်နေသော အောက်ဆီဂျင်ကို အချိန်မီ ရရှိနိုင်ရေးအတွက် အောက်ဆီဂျင်စက်ရုံတစ်ရုံကို တည်ဆောက်ရန် စီစဉ်နေရာ စတင် စီစဉ်သည့်နေ့တွင်ပင် စေတနာရှင်များက အလှူငွေ သိန်း ၃၀၀ ကျော် ထည့်ဝင်ခဲ့ကြသည်ဟု သတင်းရရှိသည်။

အဆိုပါ စက်ရုံအတွက် ဦးဦးသန်းနိုင်(လွှတ်တော်ကိုယ်စားလှယ်ဟောင်း) မိသားစုက သိန်း ၁၀၀ မတည်ခဲ့ပြီး မြို့နယ်ဆရာဝန် ဒေါက်တာတင်မြင့်ဦးက ၁၀ သိန်း၊ ဦးထွန်းအောင်စိန်နှင့် မိသားစုက သိန်း ၃၀၊ (ဦးပန်းသာထွန်း) ဒေါ်ဦးစောနှင့် မိသားစုတို့က သိန်း ၂၅ သိန်း စသဖြင့် စေတနာရှင်များက ထည့်ဝင်ခဲ့ရာ ယင်းနေ့ ကော်မတီစတင်ဖွဲ့စည်းသည့် (၁၇-၇-၂၀၂၁) နေ့တွင်ပင် အလှူငွေ ကျပ် (၃၅၂)သိန်း လက်ခံရရှိခဲ့သည်ဟု သိရှိရသည်။

၎င်းအပြင် စက်ရုံ ဖြစ်မြောက်ရေး ကော်မတီတစ်ရပ်ကို အဖွဲ့ဝင် ၂၃ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဦးဦးသန်းနိုင်က (ဥက္ကဋ္ဌ)၊ ဦးလှမြင့် (ဒုဥက္ကဋ္ဌ)ဦးသိန်းထွန်း (အတွင်းရေးမှူး)၊ ဦးစံရွှေမောင် (တွဲဘက်အတွင်းရေးမှူး) အဖြစ်ဆောင်ရွက်သွားမည်ဟု သိရသည်။

“ ရသေ့တောင်မြို့နယ်ဆိုတာက ရေလမ်းခရီးကို အဓိက အားကိုး အားထားပြုပြီး သွားလာနေရတဲ့ မြို့နယ် တစ်ခုဖြစ်ပါတယ်။ မြို့နယ်ပြည်သူ့ ဆေးရုံကလည်း ၂၅ ကုတင်ဆံ့ဖြစ်သလို ကရိယာ တန်ဆာပလာကလည်း မပြည့်စုံဘူး။ ကိုဗစ်လူနာတွေ တိုးလာရင် စစ်တွေက အောက်ဆီဂျင်ကို အချိန်မီ မှာယူရရှိဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ဒါကြောင့် မြို့နယ်အတွင်း ပြည်သူလူထုအတွက် အချိန်မီ အောက်ဆီရရှိနိုင်ရေးအတွက် ဒီစက်ရုံကို တည်ထောင်ဖို့ ကြိုးပမ်းအားထုတ်ရတာ ဖြစ်ပါတယ်” ဟု ဥက္ကဋ္ဌဖြစ်သူ ဦးဦးသန်းနိုင်က ပြောဆိုသည်။

အောက်ဆီဂျင် (Oxygen Plant) တည်ဆောက်ရေးအတွက် စက်မှာ သိန်း ၉၀၀ ကျော်ခန့် ကုန်ကျနိုင်ပြီး အဆောက်အဦးနှင့် ဆိုလျှင် သိန်း ၁၂၀၀ ကျော်ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိတွင် အလှူငွေ သိန်း ၄၀၀ ကျော်ရရှိထားပြီဖြစ်ကြောင်း၊ အောက်ဆီဂျင်ထုတ်လုပ်မည့် စက်ကို မှာယူရန် စီစဉ်နေပြီး စက်တင်ဘာ ပထမအပတ်တွင် ရောက်ရှိလာမည်ဟု မျှော်လင့်ရကြောင်း ၎င်းက ပြောကြားသည်။

၎င်းစက်ရုံကို မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး မြေနေရာကို များမကြာမီ မြေသန့်မင်္ဂလာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

၎င်းစက်ရုံအောင်မြင်စွာ လည်ပတ်နိုင်ရေးအတွက် အလှူငွေများ ထပ်မံလိုအပ်နေရာ ရသေ့တောင်မြို့နယ်သူ မြို့နယ်သားများနှင့် စေတနာရှင်များအနေဖြင့် သဒ္ဒါတရားထက်သန်စွာဖြင့် ပါဝင်လှူဒါန်းကြရန်လည်း ရသေ့တောင်မြို့နယ် အောက်ဆီဂျင် စက်ရုံ တည်ဆောက်ရေး ကော်မတီက တိုက်တွန်းနိုးဆော်ထားသည်။

https://www.facebook.com/narinjara.info/posts/4505577522787623

Leave a Reply

Your email address will not be published.