ရမ်းဗြဲ-လေးတောင်တံတား ပျက်စီးနေ၍ ဒေသခံများ သွားလာရေးခက်ခဲနေ

By Narinjara/ 2021 July 13

သဥ္ဇာနွယ်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ချောင်းဖျားကျေးရွာအုပ်စုရှိ ထန်းပြိန်တံတားပျက်စီးနေ၍ ရမ်းဗြဲ-လေးတောင်လမ်းတစ်လျှောက် ဒေသခံများအသွားအလာခက်ခဲဖြစ်နေသည်ဟု သတင်းရရှိသည်။

ချောင်းဖျားကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးခင်ဝင်းက တံတားကြမ်းခင်းသစ်သားများဆွေးမြေ့ပြီး မကြာခဏကျိုးပေါက်နေကြောင်း ပြောသည်။

“တံတားပြင်ဖို့ ဘာမှတော့မကြားမိပါဘူး။ ဘေလီတံတားပေါ် သစ်သားခင်းထားတယ်။ သစ်သားတွေဆွေးမြေ့နေတဲ့အတွက် တံတားက ပေါက်သွားတာပါ။ ခုတော့ နည်းနည်းသွားလို့ရပါသေးတယ်။ ဆိုင်ကယ်တွေတော့ ဖြစ်သလို ကျော်ခွပီးသွားလာနေကြတာတော့ရှိပါတယ်”ဟု ၎င်းက ပြောသည်။

၎င်းတံတားမှာ ရမ်းဗြဲ-လေးတောင်လမ်းပေါ်မှာတည်ရှိပြီး ဒေသခံများဖြတ်သန်းသွား သွားလာအသုံးပြုနေသည့်တံတားဖြစ်သည်။ ၎င်းတံတားကို ၂၀၁၃-၁၄ ခုနှစ်တွင် အစိုးရကဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

“အဲ့တံတားကို ပျက်နေပြီလို့ ကြားကတည်းက ပြန်ပြင်ပြီးပါပြီ။ ရန်ပုံငွေမပါဘဲ လုပ်ပေးထားတာခင်ဗျ။ ခုလောလောဆယ်ပြန်ပြင်ဖို့အစီအစဉ်မရှိသေးဘူးခင်ဗျ။”ဟု ရမ်းဗြဲမြို့ လမ်းတံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတံတားသည် အရှည်ပေ ၆ဝ ကျော်ရှိပြီး ယခင်ကထက် ကုန်ကားများနှင့် လူသွားလူလာများပြားလာသည့်အတွက် ယခုထက်ခိုင်ခံ့သည့်တံတားအဖြစ် တည်ဆောက်ပေးစေလိုသည်ဟုလည်း ဒေသခံများက တောင်းဆိုနေကြသည်။

https://www.facebook.com/narinjara.info/posts/4491212167557492

Leave a Reply

Your email address will not be published.