ရန်ကုန်-သံတွဲ အဝေးပြေးကားပေါ်တွင် သေဆုံးသွားသည့် ခရီးသည်အမျိုးသားထံတွင် ကိုဗစ်ပိုးတွေ့ရှိ

By Development Media Group (DMG)/ July 12

ဓါတ်ပုံ – ဦးသောင်းထွန်း

ရန်ကုန်မှ သံတွဲမြို့သို့ပြေးဆွဲနေသည့် အဝေးပြေးကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်တစ်ဦးမှာ ဗေဒါ စစ်ဆေးရေးဂိတ်အတွင်း သတိမဲ့မူးလဲကာသေဆုံးခဲ့ပြီး ထိုသို့သေဆုံးသူအမျိုးသားထံတွင် ကိုဗစ်ပိုးစစ်ဆေး တွေ့ရှိရကြောင်း အကူအညီပေးခဲ့သည့် ထာဝရမေတ္တာနာရေးကူညီမှုအသင်းထံမှ သိရသည်။

အဆိုပါအမျိုးသားမှာ သံတွဲမြို့ဒေသခံတစ်ဦးဖြစ်ပြီး ဂွမြို့နယ် ၂၆ မိုင်ခန့်အကွာတွင်ရှိသည့် ဗေဒါစစ်ဆေးရေး ဂိတ်မှ ခရီးသည်များအားစစ်ဆေးပြီး ကားပေါ်ပြန်အတက်တွင်မူးလဲကာ သတိမေ့သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသတိမေ့လူနာမှာ ဂွမြို့နယ်ဆေးရုံသို့မရောက်မီ သေဆုံးသွားခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်အား စစ်ဆေးရာတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း ထာဝရမေတ္တာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ ကိုကျော်မြင့်မောင်က ပြောသည်။

“ဗေဒါစစ်ဆေးရေးဂိတ်မှာ စစ်ဆေးပြီး ပြန်ပြီးကားပေါ်အတက်မှာ မူးလဲသွားတာ။ အဲဒါကို အဲဒီကားနဲ့ဘဲ ဆေးရုံကိုယူလာခိုင်းတော့ ည ၁ နာရီလောက်မှာ ဆေးရုံကိုရောက်လာတယ်။ လူနာက လမ်းမှာဆုံးတယ်။ အဲဒါကိုစစ်ဆေးတော့ ကိုဗစ်ရောဂါတွေ့တယ်။ နာရေးကိုတော့ ကျနော်တို့ ကိုဗစ်ထုတ်ပြန်ချက်နဲ့အညီ သင်္ဂြိုဟ်ဖို့လုပ်ထားတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့သေဆုံးသွားသည့် ကိုဗစ်ပိုးတွေ့ရှိသူ စီးနင်းလိုက်ပါလာသော ရန်ကုန်-သံတွဲ အဝေးပြေးကားပေါ်တွင် ခရီးသည် ၃၀ ဦးခန့်လိုက်ပါခဲ့ပြီး လက်ရှိမှာ ကားပေါ်လိုက်ပါသည့်ခရီးသည်များအား သံတွဲတွင် သီးခြား စောင့်ကြည့်ထားရှိရန် ဂွမြို့နယ်ဆရာဝန်မှ ညွှန်ကြားထားကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2059291134223287

Leave a Reply

Your email address will not be published.