By Western News/ 2021 July 12

ရန်ကုန်မှ သံတွဲသို့လာသည့် မျိုးဆက်သစ်ခရီးသည်တင်ကားတွင် လိုက်ပါလာသော ခရီးသည်တစ်ဦးသေဆုံးမှုဖြစ်ခဲ့ပြီး သေဆုံးသူအား စစ်ဆေးကြည့်ရာ ကိုဗစ်ပိုးတွေ့ရှိကြောင်းနှင့် ကျန်ခရီးသည်အားလုံးမှာ Quarantine ဝင်မဝင်သေချာမှုမရှိကြောင်း ဆက်စပ်သူများမှ သိရသည်။
ကားတွင်ပါလာသော ခရီးသည်အမျိုးသားမှာ ဆေးရုံရောက်သည်နှင့် သေဆုံးနေပြီဖြစ်ကြောင်း အလောင်းအား ကိုဗစ်ရှိမရှိ စစ်ဆေးရာတွင် ပိုးတွေ့ရှိထားကြောင်း ဂွမြို့မှ ဆေးရုံအုပ် ဒေါက်တာကောင်းစံမြတ်က Western News ကိုပြောသည်။
“လူနာက ဆေးရုံရောက်တာနဲ့အသက်ပါမလာတော့ပါဘူး။ သူ့အလောင်းကိုတော့ ကိုဗစ်ရှိမရှိ ကျနော်တို့စစ်ဆေးတဲ့အခါ Positive(ပိုးတွေ့) ထွက်ပါတယ်။ ကားမှာပါလာတဲ့ ကျန်လူတွေကိုတော့ သံတွဲကိုပဲ ဆက်သွားခိုင်းလိုက်ပြီး အဲကကျန်းမာရေးဌာနနဲ့ပဲချိတ်ဆက်ပေးလိုက်ပါတယ်” ဟုပြောသည်။
သေဆုံးသွားသူ လိုက်ပါလာသည့် ခရီသည်တင်ကားတွင် လူပေါင်း ၃၀ ကျော်ခန့်ပါရှိကြောင်းနှင့် ထိုသူများအားလုံးမှာ သံတွဲမရောက်မီ လမ်းတွင်ဆင်းကျန်သူများရှိသည်ဟု ကားသမားဆီမှ သိရကြောင်း ဂွမြို့၏ ထာဝရမေတ္တာနာရေးကုညီမှုအသင်းမှ ကိုကျော်မြင့်မောင် ကပြောသည်။
“ဖြစ်တာက ည တစ်နာရီဝန်းကျင်လောက်မှာပါ။ သတိမေ့ပြီး သေသွားတာ။ အလောင်းကို ဆေးရုံပို့လိုက်တယ်။ ညတုန်းကတော့ သူ့မှာပိုးပါမပါမသိရသေးဘူးပေါ့နော်။ ကားသမားကိုတော့ ကျနော်တို့သေချာမှာလိုက်တယ်။ ကားကိုဘယ်မှာမှ မရပ်ဘဲ သံတွဲကျန်းမာရေးဌာနကိုပဲ တန်းမောင်းသွားပါလို့။ ဒါပေမယ့် ကားသမားပြန်ပြောတာကတော့ လမ်းခုလတ်မှာ ဆင်းသွားတဲ့သူတွေရှိတယ်လို့ ပြောတယ်” ဟုဆိုသည်။
အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ သံတွဲဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်းအား ဆက်သွယ်မေးမြန်းကြည့်ရာ သံတွဲရောက်သည်ထိ ကားတွင်ပါလာသူများအား ကိုဗစ်စစ်ဆေးမှုပြုလုပ်နေကြောင်း ပြောသည်။
“ဌာနဆိုင်ရာတွေကအကြောင်းကြားလို့ သိထားပါတယ်။ ကားပေါ်မှာလူဘယ်လောက်ပါလဲတော့ မသိဘူးပေါ့နော်။ သံတွဲအရောက် ပါလာတဲ့သူတွေကိုတော့ Quarantine သွင်းထားပြီး ကိုဗစ်ရှိမရှိစစ်ဆေးနေပါတယ်။ စစ်ဆေးနေတုန်းဆိုတော့ အရေအတွက်က ဘယ်လာက်လဲ မသိရသေးပါဘူး” ဟုဆိုသည်။
ကားတွင်သေဆုံးသွားသူအမျိုးသားမှာ သံတွဲဒေသခံတစ်ဦးဖြစ်ပြီး ရန်ကုန်မှအပြန် ဗေဒါစစ်ဆေးရေးဂိတ်တွင် မူးပြီးသတိမေ့သွားရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ရခိုင်တွင် ကိုဗစ်တတိယလှိုင်း၌ သေဆုံးသူ ၁၀ ကျော်ထိရှိ လာပြီဖြစ်ပြီး ရောဂါကူးစက်မှုမှာလည်း မြို့နယ်အလိုက်ပိုမိုများပြားလာသည်ကိုတွေ့ရသည်။
https://www.facebook.com/westernnewsagency/posts/328320058974505