ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို နိုင်ငံတော်အကြည်အညိုပျက်စေမှုနှင့် စွဲချက်တင်

By Narinjara/ 2021 July 9

ထက်အောင်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ယနေ့ ဇူလိုင်လ ၉ ရက်နေ့ ရုံးချိန်းတွင် စွဲချက်တင်သင့်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ယင်းအပြင် အမှုမှ တရားလိုပြသက်သေအားလုံးကို ပြန်လည်စစ်ဆေးပေးရန် ဦးညီပုက တောင်းဆိုခဲ့သည့်အတွက် တရားရုံးက လက်ခံခဲ့ကြောင်း အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။

ဦးအောင်စစ်မင်းက “ ဦးညီပုကို ဒီနေ့စွဲချက်တင်တဲ့အခါ တရားရုံးက သူ့ကို အပြစ်ရှိသလား၊ မရှိဘူးလား ဆိုပြီးမေးတဲ့အခါ အပြစ်မရှိဘူးဆိုပြီး ငြင်းပါတယ်။ အဲဒီလို ငြင်းပြီးနောက်ပိုင်းမှာ တရားခံဖက်က တရားလိုပြသက်သေတွေကို ပြန်လည်စစ်ဆေးပေးဖို့ လျှောက်တယ်။ တရားရုံးကလည်း ပြန်ခေါ်စစ်ဆေးဖို့ ခွင့်ပြုခဲ့တယ်။” ဟု ပြောသည်။

ပြန်ခေါ်သက်သေစစ်ဆေးခြင်းအား လာမည့် ဇူလိုင်လ ၂၂ ရက်နေ့သို့ ရုံးချိန်းလိုက်သည်ဟုလည်း သိရသည်။

ဦးညီပုကို နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)ဖြင့် စစ်တွေမြို့နယ်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုပြုလုပ်ကာ စစ်တွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် (၂) နှစ်အထိ ချမှတ်ခံရနိုင်သည်ဟုလည်း သိရသည်။

https://www.facebook.com/narinjara.info/posts/4480419108636798

Leave a Reply

Your email address will not be published.