By Western News/ 2021 July 10
ရခိုင်ရှိ မြို့နယ်အချို့တွင် ကိုဗစ်ပိုးကူးစက်ပျံ့နှံ့မှု ရှိလာပြီးနောက်ပိုင်း တစ်လအတွင်းတွင် Mask ဈေးနှုန်းများမှာ ၁၅၀၀ မှ ၄၀၀၀ ကျပ်ထိ ဈေးနှုန်းမြင့်တက်သွားကြောင်း Mask ရောင်းချနေကြသည့် ဆေးဆိုင်များမှ သိရသည်။
လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးနီးပါး၌ Mask ဈေးနှုန်းများမြင့်တက်နေကြောင်းနှင့် ရောင်းချရန်ဝယ်ယူကတည်းက တစ်ဘူးကို ၃၂၀၀ ကျပ်ဖြင့် ဝယ်ယူရကြောင်း မြောက်ဦးရှိ မောင်စောထွန်းဆေးဆိုင် ပိုင်ရှင်မှပြောသည်။
“လက်ရှိ ရောင်းနေတဲ့ဈေးကတော့ Mask တစ်ဘူးကို ၃၈၀၀၊ ၄၀၀၀ ဈေးနဲ့ရောင်းတယ်။ Mask ဈေးတွေက တစ်နိုင်ငံလုံးနီးပါးမြင့်တက်နေတာလေ။ ဝယ်ကတည်းက ၃၂၀၀ လောက်နဲ့ဝယ်ရတယ်လေ။ တစ်ခြား ကားစရိတ်တွေ ငွေလွှဲငွေထုတ်စရိတ်တွေနဲ့ဆိုတော့ ပြန်ရောင်းတဲ့သူဘက်က လည်းဈေးနှုန်းမြင့်ရောင်းရတာပေါ့။ Mask ကို ကိုယ်တိုင်မှ မထုတ်နိုင်ကြတာ” ဟုပြောသည်။
Mask ဈေးနှုန်းမှာ ရောဂါပိုးကူးစက်မှုရှိလာပြီးနောက်ပိုင်း မြင့်တက်လာခြင်းဖြစ်ပြီး အတတ်နိုင်ဆုံးဈေးနှုန်းလျော့ချ၍ ရောင်းချပေးနေကြောင်း စစ်တွေမြို့မှ‘စိန်’ ဆေးဆိုင်မှပြောသည်။
“Mask ဈေးတွေက တစ်လအတွင်းတက်သွားတာပါ။ အတိကျဆိုရင် ရောဂါပိုးကူးစက်ပြီးနောက်ပိုင်းပေါ့။ ကျမတို့ ဝယ်ရတဲ့ ဝယ်ရင်းကိုယ်တိုင်က Mask တစ်ဘူးကို ၂၂၀၀ နဲ့ဝယ်ရပါတယ်။ ဒါကြောင့်ကျမတို့လည်း ၂၅၀၀ နဲ့ပြန်ရောင်းနေရတာပါ။ အတတ်နိုင်ဆုံးလည်း ဈေးလျော့ပြီးရောင်းပေးနေပါတယ်” ဆိုသည်။
Mask ဈေးနှုန်းများမှာ တစ်ဆိုင်နှင့်တစ်ဆိုင်မတူညီကြောင်း ယခင်ကိုဗစ်ကာလကဲ့သို့ ဈေးနှုန်းအဆမတန်မြင့်တက် လာမည်ကိုစိုးရီမ်ကြောင်း စစ်တွေမြို့တွင် နေထိုင်သည့် ဒေါ်ထွေးယဉ် မှပြောသည်။
“Mask တွေက ဈေးတက်တဲ့ထဲမှာတောင် တစ်ဆိုင်နဲ့တစ်ဆိုင်မတူကြဘူး။ တစ်ချို့က ၂၀၀၀ ကျော်ဆိုပေမယ့် တစ်ချို့က ၃၅၀၀ လောက်ရောင်းနေကြပြီ။ ဒါတောင် ဝယ်ချင်ဝယ် မဝယ်ချင်နေဆိုတဲ့ ပုံစံမျိုးနဲ့။ အဓိက စိတ်ပူတာကတော့ အရင်တစ်ခေါက်တုန်းကလို ဈေးနှုန်းတွေ အရမ်းမြင့်လာမှာကိုပဲ” ဟုပြောသည်။
Mask တစ်ဘူးတွင် ခုရေအားဖြင့် ၅၀ ခန့်ပါရှိပြီး Mask ရောင်းချသည့်ဆိုင်များအားလုံး၌ Mask ကို ခုရေအလိုက်ရောင်းချလျှင် တစ်ခုကို ၁၀၀ ကျပ်ခန့်စီရောင်းချကြသည်။
ရခိုင်ပြည်နယ်တွင် စစ်တွေနှင့် မြောက်ဦးအပြင် တစ်ခြားမြို့နယ်များတွင်လည်း Mask ဈေးနှုန်းများမှာ ပုံမှန်ထက်မြင့်တက်လျက်ရှိ ကြောင်း အဆိုပါဒေသတွင်နေထိုင်ကြသူများ၏ ပြောဆိုချက်အရသိရသည်။ ရခိုင်တွင် ကိုဗစ်ဒုတိယလှိုင်းကာလ၌ Mask တစ်ခု၏ ဈေးနှုန်းမှာ ၁၀၀၀ ကျပ်ခန့်အထိမြင့်တက်ခဲ့ပြီး ယခု ကိုဗစ်တတိယလှိုင်းတွင်လည်း Mask ဈေးနှုန်းများ စတင်မြင့်တက်လာနေပြီ ဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/327071849099326