ရခိုင်ရှိ ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်မည်မဟုတ်ဟု ပြည်နယ်ကောင်စီပြော

By Western News/ 2021 July 15

ရခိုင်ပြည်နယ်ရှိ ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းများကို သတ်မှတ်ကိုဗစ်စည်းကမ်းနှင့်အညီလုပ်ဆောင်နေပြီး ပိတ်ပစ်ရန်အစီစဉ်မရှိဟု ပြည်နယ်ကောင်စီက ဇူလိုင် ၁၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

ကုန်း၊ ရေ၊ လေ လမ်းကြောင်းများတွင် ခရီးသည်နှင့် ပို့ဆောင်ရေးလုပ်ဆောင်သူများအား စည်းကမ်းတင်းကြပ်ထားကြောင်း ပိတ်လိုက်လျှင် အခက်ခဲများစွာဖြစ်လာနိုင်၍ မပိတ်ဖြစ်အောင်စီစဉ်လုပ်ဆောင်နေကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကပြောသည်။

“ရေကြောင်းလိုင်းတွေမှာ လိုက်ပါသူနဲ့ ပို့ဆောင်သူတွေကို လိုက်နာရမယ့်စည်းကမ်းတွေ သေချာကြပ်မတ်ထားပါတယ်။ လေကြောင်းလိုင်းဆိုရင်လည်း ပိတ်လိုက်ရင် ရခိုင်ပြည်အတွက် အခက်ခဲဖြစ်လာနိုင်တယ်။ ကုန်လမ်းတွေမှာဆိုရင်လည်း လာခဲ့တဲ့နေရာဒေသအလိုက်ကျနော်တို့စိစစ်လုပ်ဆောင်နေပါတယ်” ဟုသူကပြောသည်။ရခိုင်သို့လာရောက်သူများတွင် ဒေသခံမဟုတ်ဘဲ Stay home သတ်မှတ်ထားသည့်ဒေသမှ လူများဖြစ်နေလျှင် Quarantine ဝင်ရမည်ဖြစ်ကြောင်းလည်း သူကဆက်ပြောသည်။

“အခု Lockdown ချထားတာ မြို့နယ်ပေါင်း ၉၁ မြို့ရှိတယ်။ ရခိုင်ကိုလာကြတဲ့ထဲမှာ ဘယ်လမ်းကြောင်းကပဲဖြစ်ဖြစ်ပေါ့နော် အဲဒီ Lockdown ချထားတဲ့မြို့နယ်တွေထဲကပါရင် Quarantine ဝင်ဖို့သတ်မှတ်စည်းကမ်းတွေချထားပါတယ်” ဟုဆိုသည်။

ရခိုင်တွင် ဇွန်လ ၁၂ ရက်နေ့၌ ကုန်လမ်းပို့ဆောင်ရေးတစ်ခုဖြစ်သည့် ရန်ကုန်-သံတွဲ လူပေါင်း ၃၃ ဦးပါ ခရီးသည်တင်ကားတွင် သေဆုံးသူ၌ ကိုဗစ်ပိုးတွေ့ရှိခဲ့သောဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။ ကားရှိ ကျန်လူ ၃၂ ယောက်တွင် ၁၇ ယောက်မှာ လမ်းတွင် ဆင်းကျန်ခဲ့ပြီး သံတွဲသို့အရောက်လိုက်ပါသွားသည့် ကျန် ၁၆ ယောက်ကိုသာ ကိုဗစ်စစ်ဆေးမှုပြုလုပ်တိုင်ခဲ့သည်။ ထိုစစ်ဆေးမှုပြုလုပ်ခဲ့သည့် လူများထဲမှ ၄ ဦးတွင်လည်း ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။

ရခိုင်ပြည်နယ် တွင်ကိုဗစ်တတိယလိုင်း၌ ရောဂါပိုးကူးစက်ခံရသူ ၉၀၀ ကျော်အထိရှိနေပြီဖြစ်ပြီး ပိုးကူးစက်ခံရပြီးသေဆုံးသူ ၁၆ ဦးအထိရှိလာပြီဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/330244172115427

Leave a Reply

Your email address will not be published.