ရခိုင်မှ လူပေါင်း တစ်သိန်းခန့်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်ဟု ပြည်နယ်ကောင်စီပြော

By Narinjara/ 2021 July 29

အောင်ဇံ၊ သဥ္ဇာနွယ်

ရခိုင်ပြည်နယ်မှ လူပေါင်း တစ်သိန်းခန့်အတွက် ကိုဗစ်ကာကွယ်ဆေးကို နှစ်ပတ်အတွင်း ထိုးပေးနိုင်ရန်စီစဉ်နေသည်ဟု ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီပြောခွင့်ရသူ ဦးလှသိန်းက ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် နိရဥ္စရာသို့ ပြောသည်။

”ကာကွယ်ဆေးကို အမြန်ဆုံးထိုးပေးဖို့ လုပ်နေတယ်။ အမြန်ဆုံးထိုးမယ်။ စာရင်းကောက်နေတယ်။ ဒီအပတ်အတွင်းဆေးရောက်ရင် နှစ်ပတ်အတွင်း အပြီးထိုးပေးမယ်။ ဦးစားပေး (၁၁)မျိုးကို အရင်ဆုံးထိုးပေးမယ်။ အကုန်လုံးပါဦးမှာတော့ မဟုတ်ဘူး။ ဆေးက (၉)သောင်းခွဲပဲ ရှိတယ်ဆိုတော့။” ဟု ဦးလှသိန်းက ပြောသည်။

ယခုထိုးပေးမည့်ကာကွယ်ဆေးမှာ တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားဖြစ်ပြီး ရခိုင်ပြည်အတွက်ခွဲတမ်းရရှိသည့် ဆေးအလုံးရေ (၉)သောင်းခွဲကို ထိုးပေးသွားမည်ဟုဆိုသည်။

ယခုထိုးမည့်ဦးစားပေး(၁၁)မျိုးတွင် အသက်(၆၅)နှစ်နှင့်အထက်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ဘိုးဘွားရိပ်သာများ၊ ရဟန်းသံဃာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ စက်ရုံ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်ဝန်ထမ်းများ၊ အကျဉ်းသားများ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူများနှင့် ဈေးဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။

ယခုထိုးပေးမည့် Sinopharm ကိုဗစ်ကာကွယ်ဆေးကို ရခိုင်ပြည်နယ်မှ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သူများအား ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှစတင်ထိုးနှံပေးခဲ့သည်။

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး (COVIDSHIELD) ဆေးအလုံးရေ (၁၉,၂၀၀) ကျော်ကိုလည်း ရခိုင်တွင် ယခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လ ၄ ရက်နေ့အထိ လူဦးရေ (၁၀၁,၀၀၀) ကျော်အား ထိုးနှံပေးခဲ့ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ယမန်နေ့ ဇူလိုင် (၂၈)ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ(၂၅၁၃) ဦးရှိပြီး (၁၄၆) ဦးသေဆုံးသွားကာ သေဆုံးသူအရေအတွက်မှာ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိသည်။

https://www.facebook.com/narinjara.info/posts/4538930219452353

Leave a Reply

Your email address will not be published.