By Narinjara/ 2021 July 15

ရခိုင်ပြည်နယ် မြို့နယ် ၇ ခုတွင် ကိုယ်ထူကိုယ်ထဖြင့်အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရန်အတွက်မြို့အသီးသီးတွင် စီစဉ်ဆောင်ရွက်မှုများလုပ်ဆောင်လျက်ရှိနေကြသည်။
အဆိုပါမြို့များမှာ မြောက်ဦး၊ မင်းပြားမြို့၊ ကျောက်တော်မြို့၊တောင်ကုတ်မြို့၊ သံတွဲ၊ မောင်တောမြို့နှင့် စစ်တွေမြို့ စသည့် မြို့ ၇ မြို့တွင် ကိုယ်ထူကိုယ်ထဖြင့်အောက်ဆီဂျင်စက်ရုံတည်ဆောက်သွားမည်ဟုတာဝန်ရှိသူများက ပြောသည်။
မင်းပြားမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်အတွက် ခန့်မှန်းငွေ သိန်း ၁၀၀၀ ကုန်ကျမည်ဖြစ်ပြီး လက်ရှိတွင် သိန်း ၉၀၀ ထိအလှူငွေရရှိထားပြီဖြစ်သည့်အတွက် မကြာမိအချိန်တွင် ကိုယ်ထူကိုယ်ထဖြင့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း မင်းပြားမြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ပံ့ပိုးရေးကော်မတီအတွင်းရေးမှူး ဦးစံထွီးအောင်ကပြောသည်။
“ကျွန်တော်တို့ ခန့်မှန်းတန်ဖိုးငွေကတော့ သိန်း ၁၀၀၀ လောက်ထိ ခန့်မှန်းထားတာပေါ့။ လက်ရှိမှာ ဒီနေ့ နေ့ လည် ၁၂ နာရီအထိ လှူဒါန်းမှုက သိန်း ၉၀၀ ကျော်နေပါပြီ။ စက်ရုံတည်ဆောက်ဖို့အတွက် အောက်ဆီဂျင်စက်ရုံပိုင်းမှာ ကျွမ်းကျင်တဲ့သူနဲ့လည်းဆက်သွယ်ပြီး ဘိုကင်လုပ်ထားပါပြီ။ မကြာမီတည်ဆောက်တော့မှာပါ။ အချိန်ကတော့ ၁ လ အတွင်းမှာအပြီးတည်ဆောက်ဖို့ ဆောက်တဲ့သူတွေဖက်က ပြောထားပါတယ်။ အောက်ဆီဂျင်ကတော့ ၂ လအတွင်းမှာ ထုတ်နိုင်မှာပါ။ တစ်ရက်မှာ လီတာ ၄ဝဆန့် တဲ့အောက်ဆီဂျင်အလုံး ၄၀ ထုတ်မှာပါ။ လီတာအားဖြင့် ၁၆ဝဝ လီတာပေါ့” ဟုပြောသည်။
ယင်းပြင်၎င်းတို့အနေဖြင့် စက်ရုံကိုတည်ဆောက်ပြီးလျှင် လက်ရှိအောက်ဆီဂျင်လိုအပ်မှုကို ကူညီပေးနေသည့် ကျိန်းရိပ်ဂရုဏာ အောက်ဆီဂျင်ကူညီရေးအသင်းကို အဆိုပါစက်ရုံကိုလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ၎င်းကဆက် ပြောသည်။
စစ်တွေမြို့နယ်တွင်လည်းကိုဗစ်ကူးစက်လူနာများလာသဖြင့် အရေးပေါ်အောင်ဆီဂျင်လို အပ်မှုကိုဖြည့်ဆည်းနိုင်ရန်နှင့် အောက်ဆီဂျင်ရှားပါးမှုကိုကြိုတင်လုပ်ဆောင်ရန်အတွက် ယခုကဲ့သို့ ကိုယ်ထူကိုယ်ထဖြင့် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။
“ကျွန်တော်တို့က အဓိကကတော့ ပိုးတွေ့လူနာတွေများလာတဲ့အခါကြတော့ အောက်ဆီဂျင်လုံလောက်မှုကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် ခုလိုလုပ်ဆောင်တာပါ။ ကျွန်တော်တို့ အဖွဲ့အစည်းကလည်း သိန်း ၁၀၀ မတည်ပြီးလုပ်တာပေါ့။ လက်ထဲမှာတော့ သိန်း၂၆၀ ကျော်ရထားပါပြီ။ နောက် ၁ လ အတွင်းမှာ အကောင်ထည်ဖော်နိုင်ဖို့ မှန်းထားပါတယ်။ ကုန်ကျငွေကတော့ သိန်း ၂၀၀၀ လောက် ခန့်မှန်းထားပါတယ်။ မြေကွက်တွေဘာတွေပါလိုတယ်ဆိုတော့လေ”ဟုပြောသည်။
အလားတူ သံတွဲမြို့တွင်လည်း တစ်ရက်လျှင်အောက်ဆီဂျင် အလုံး ၈၀ ထိထုတ်လုပ်နိုင်သည့် စက်ရုံတည်ဆောက်ရန် ကြိုးပမ်းနေ ကြသည်။
မြောက်ဦးမြို့တွင်လည်း တစ်ရက်လျှင် လုံးရေ ၄၀ ထုတ်မည့် အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ပြီးစီးနေပြီး မကြာမီအချိန်တွင် ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါ ကာကွယ်ကုသရေးအထောက်ကူပြုပစ္စည်းဖြစ်သည့် အောက်စီဂျင်နှင့် Mask အလုံ လောက်ရှိပြီး ပြည်သူများအနေဖြင့် စိုးရိမ်စရာမရှိကြောင်း ပြည်နယ်ကောင်စီမှ ဇူလိုင် ၁၄ ရက်နေ့သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
https://www.facebook.com/westernnewsagency/posts/330588265414351