ရခိုင်မှ ကျောင်းသား ၄ ဦးအမှုအား စွဲချက်တင်သင့်မတင် သင့်လျှောက်လဲမည်

By Western News/ 2021 July 2

ရခိုင်ပြည်နယ် အတွင်းတပ်မတော်မှ လူအခွင်းရေးချိုးဖော်မှုနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြ၍ ဖမ်းဆီးခံခဲ့ရသော ကျောင်းသား ၄ ဦးအမှုအား လာမည့်ဇူလိုင် ၁၆ ရက်နေ့တွင် စွဲချက်တင်သင့်မတင်သင့် လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း အမှုလိုက်ပါ ဆောင်ရွက်နေ့သည့်ရှေ့နေကပြောသည်။

အဆိုပါ ကျောင်းသား ၄ ဦးအမှုတွင် တရားလို ၂ ဦးရှိပြီး လိုပြသက်သေ ၁၂ ဦးရှိကာ ယနေ့ဇူလိုင်လ ၂ ရက်နေ့တွင် နောက်ဆုံး လိုပြသက်သေ တစ်ဦးဖြစ်သော အမှုစစ်အရာရှိအား စစ်ဆေးပြီးဖြစ်သောကြောင်း စွဲချက်တင်သင့်မတင်သင့်လျှောက်လဲမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေဦးလှသိန်းအောင်ကပြောသည်။

“ဒီနေ့တော့ကျန်ရှိနေတဲ့ အမှုစစ်အရာရှိ ရဲအုပ်တင်လင်းမောင်ကိုစစ်ပါတယ်။ သဘာဝဘေးစီမံ အမှုမှာပါ။ ဒီနေ့တော့သက်သေအားလုံး စစ်ပြီးပါပြီ။ ၁၆ ရက်နေ့တွင် စွဲချက်တင်သင့်မတင်သင့်လျှောက်လဲချက်ပြုလုပ်ရမှာပါ”သူကပြောသည်။ ယနေ့တွင် ကျောင်းသားများအား ကိုဗစ်စည်းမျဉ်းများကြောင်း ရုံးထုတ်နိုင်ခြင်းမရှိဟုသူ ကဆက်ပြောသည်။

ယင်းဆန္ဒပြမှုကြောင့် စစ်တွေမြို့နယ်ရဲစခန်းမှ ရဲမှူးဦးဇော်နိုင်မှ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) နှင့် တရားစွဲဆိုထားသလို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ဇံဝေမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ၂၉ စသည့်ပုဒ်မနှစ်ခုဖြင့်တရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါကျောင်းသားလေးဦးမှာ ပြီးခဲ့သည့် ၂၀၂၀-ခုနှစ် အောက်တိုဘာလ ၁၉ ရက်ကစစ်တွေမြို့ပေါ်၌ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government၊ No Murder Army၊ ဖက်ဆစ်စစ်တပ်အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out စသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

အဆိုပါကျောင်းသား ၄ ဦးမှာ စစ်တွေကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ ဖြစ်သည်။

ပြီးခဲ့သည့်၂၀၂၀ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှုကြောင့် ဆန္ဒထုတ်ဖော်ခဲ့ကြသော ကျောင်းသား ၃ ဦးအား စစ်တွေမြို့နယ် အမှတ်(၁)ရဲစခန်းမှ ရဲမှူးဇော်နိုင်က ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့်တရားလိုလုပ်ကာတရားစွဲဆိုခဲ့သည်။ အဆိုပါအမှုအတွက် ပြီးခဲ့သည့် မေလ ၆ ရက်နေ့က စစ်တွေခရိုင်တရား ရုံးက ဒဏ်ငွေ နှစ်သောင်းကျပ် ချမှတ်ခဲ့သည်။

လက်ရှိ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ ၂၉ ဖြင့်တရား ရင်ဆိုင်နေရသည့်ကျောင်းသားလေးဦးမှာ အကျဉ်းထောင်တွင်နေရသည်မှာ ၈ လကျော်ထိကြာမြင့်နေပြီဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/321846982955146

Leave a Reply

Your email address will not be published.