By VOA/ 2021 July 9

ရခိုင်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ နေ့စဉ်တိုးလာနေချိန် အခု ကူးစက်နေတဲ့ ကိုဗစ်ရောဂါပိုးဟာ ကူးစက်မြန် ဗီဇပြောင်းမျိုးကွဲလားဆိုတာ မစစ်ဆေးနိုင်ဘူးလို့ ပြည်နယ်အုပ်ချုပ်ရေးကောင်စီက ပြောကြားလိုက်ပါတယ်။ ပြည်နယ်ထဲမှာ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေကို ထပ်ပြီးကြပ်မတ်သွားမယ်လို့လည်း တာဝန်ရှိသူက ပြောပါတယ်။ ရခိုင်ပြည်နယ်က လာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။
ကိုဗစ်တတိယလှိုင်းဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်သူ အရေအတွက် တနေ့တနေ့ ထောင်ဂဏန်းလောက် တိုးနေပါတယ်။မြန်မာ့အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေမှာ ကူးစက်နေတဲ့ ဗီဇပြောင်း ကူးစက်မြန် Delta ကပ်ရောဂါမျိုးကွဲအပါအဝင် ကူးစက်မြန်မျိုးကွဲသစ်တွေ မြန်မာနိုင်ငံမှာလည်း တွေ့နေရတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေပြောကြားထားပါတယ်။
နေ့စဉ်အတည်ပြုလူနာသစ်တိုးနေတဲ့ ရခိုင်ပြည်နယ်မှာတော့ ကိုဗစ်-၁၉ ကို စစ်ဆေးဖို့ ဓာတ်ခွဲခန်း မရှိသေးတာကြောင့် ဘယ်လို ကိုဗစ်မျိုးကွဲ ကူးစက်နေတယ်ဆိုတာ အတိအကျ မသိနိုင်ဘူးလို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီပြောခွင့်ရ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ဗီအိုအေကို ပြောပါတယ်။
“ဒီနေ့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ဆရာဝန်ကြီးလည်း အစည်းအဝေးတက်ပါတယ်။ ကျနော်တို့ဆီမှာ COVID-19 မူလမျိုးရိုးက တတိယလှိုင်းကို သွားတာလား မျိုးကွဲလာသလားဆိုတာကို သူလည်း ဒီမှာ ဓာတ်ခွဲခန်းမရှိတဲ့အတွက်ကြောင့် မပြောနိုင်ဘူးလို့ ပြောပါတယ်။ ဆိုတော့ ဒီဟာကတော့ သုတေသန ကျန်းမာရေးမှာ သုတေသနဌာနရှိမှာပေါ့နော်။ သုတေသနဌာနက ပိုသိမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ကျနော်တို့ မျိုးကွဲသလား ဘယ်အမျိုးအစားလဲ ဆိုတာကတော့ မသိပါဘူး ကျနော်တို့ လောလောဆယ်သိတာ ကိုဗစ်-၁၉ လို့ပဲ သိပါတယ်။”
ရခိုင်ပြည်နယ်ထဲ တချို့နေ့တွေမှာ အတည်ပြုလူနာ ရာဂဏန်းရှိနေတာပါ။ မြန်မာနိုင်ငံမှာလည်း မျိုးဗီဇပြောင်း ကူးစက်မြန် ကိုဗစ်မျိုးကွဲတွေကို မေလ တတိယပတ်မှာ စတင်တွေ့ရှိတယ်လို့ ပြောထားပေမဲ့ နောက်ဆုံးကူးစက်နေတဲ့ ရောဂါပိုး မျိုးကွဲအကြောင်း မြန်မာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။
ဒါကြောင့် လက်ရှိ နိုင်ငံအနှံ့ ကိုဗစ်ကူးစက်နေသူတွေမှာ ဘယ်မျိုးကွဲ အများဆုံးတွေ့နေရသလဲဆိုတာ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ဆက်သွယ်မေးခဲ့ပေမဲ့ သူတို့အလုပ်များနေတဲ့အတွက် မဖြေဆိုနိုင်သေးဘူးလို့ တုံ့ပြန်ပါတယ်။လက်ရှိအခြေအနေမှာ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဝန်ထမ်းအင်အား ၆၀% နဲ့ပဲ ပြည်သူကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်နေတယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဇူလိုင် ၈ ရက်က ပြုလုပ်တဲ့ ကိုဗစ်ကပ်ရောဂါဆိုင်ရာ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ဆရာဝန်နဲ့ သူနာပြုအပါအဝင် ကျန်းမာရေးဝန်ထမ်းတော်တော်များများ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံထဲမှာ ကိုဗစ်တတိယလှိုင်း စတယ်လို့ပြောနိုင်တဲ့ ဇွန်လကုန်လောက်ထဲကစလို့ တချို့နေရာတွေမှာ ကန့်သတ်ထိန်းချုပ်မှုတွေကို ကျန်းမာရေးတာဝန်ရှိသူတွေ လုပ်ခဲ့ပါတယ်။ ဒီနေ့ ဇူလိုင်လ ၉ ရက်ကစပြီး နိုင်ငံအနှံ့က ပုဂ္ဂလိကကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေအပါအဝင် အခြေခံပညာကျောင်းတွေကို ဇူလိုင်လ ၂၃ ရက်နေ့အထိ ယာယီပိတ်ထားပါတယ်။
မူလ ကိုဗစ်ကပ်ရောဂါထက် ကူးစက်မြန်တဲ့ ဗီဇပြောင်းမျိုးကွဲတွေထဲမှာ အိန္ဒိယနိုင်ငံမှာ စတွေ့ခဲ့တဲ့ Delta မျိုးကွဲက ရောဂါအပြင်းထန်ဆုံးဖြစ်နေပြီး အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတော်တော်များများမှာပါ ကူးစက်နေပါတယ်။
တတိယလှိုင်းဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ရောဂါအခြေအနေ ဆိုးနေပုံရတာကြောင့် ရခိုင်ပြည်နယ်မှာလည်း ကိုဗစ်စည်းကမ်းတွေကို အရင်ကထက် ပိုပြီး တင်းကြပ်သွားမယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။
“အဓိကအားဖြင့် ကျနော်တို့ လှုပ်ရှားသွားလာနေတဲ့ လူတွေအားလုံး ကိုဗစ် စည်းမျဉ်း စည်းကမ်းတွေနဲ့အတူ လိုက်နာဆောင်ရွက်ဖို့ကို အရင်ထက်စာရင် ပိုပြီးတော့ တင်းကြပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
ရခိုင်ပြည်နယ်မှာ ဇူလိုင်လ ၈ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၆၀၀ ကျော်နဲ့ သေဆုံးသူ ၇ ဦးထက်မနည်းရှိနေပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုနှုန်း မြန်ဆန်နေပုံရတဲ့အတွက် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာကြဖို့လည်း အာဏာပိုင်တွေဘက်က တိုက်တွန်းထားပါတယ်။
https://www.facebook.com/VoA.Burmese.News/posts/10159279307940170