By Development Media Group (DMG)/ July 6
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဇူလိုင် ၅ ရက်နေ့က COVID-19 ရောဂါပိုးတွေ့ရှိသူ (၃) ဦးရှိခဲ့ပြီး ဇူလိုင် (၅)ရက်နေ့ ညနေပိုင်းအထိ ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၅၀၉ ဦးအထိရှိလာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီမှ သိရသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူများမှာ စစ်တွေ၊ မောင်တော၊ သံတွဲ၊ ဘူးသီးတောင်၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူ၊ ဂွ၊ တောင်ကုတ်၊ မြောက်ဦး စသည့်မြို့နယ်(၁၁) မြို့နယ်များမှ ဖြစ်ကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီမှ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက DMG သို့ပြောသည်။
“မနေ့က မြောက်ဦးသုံးဦးတွေ့တယ်ဆိုတော့ ရခိုင်ပြည်နယ်မှာ ပို့တွေ့တာက ၁၁ မြို့နယ်ရှိသွားပြီ။ မနေ့က ညနေအထိတော့ ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၅၀၉ ဦးရှိပါတယ်။ အကုန်လုံးကတော့ ကျန်းမာရေး ကောင်းကြပါတယ်” ဟု ၎င်းက ဆိုသည်။
ပြည်သူများအနေဖြင့် COVID -19 ရောဂါကို မပေါ့ဆကြရန် ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက DMG သို့ ပြောကြားသည်။
“ဒီအရာတွေက အမြဲတမ်း သတိနဲ့ ဆောင်ရွက်နေရမယ့် အရာတွေဖြစ်တယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ Task Book မှာဆိုရင် ဒါတွေကို အချင်းချင်း သတိပေးဖို့အချက်တွေပါပါတယ်။ ဒါတွေကို လိုက်နာဖို့လိုပါတယ်။ COVID-19 ရောဂါကို ပေါ့ဆလို့ မရပါဘူး” ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် လူငါးဆယ်ဦးထက် ပိုမစုရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ မထွက်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေရန်၊ အပြင်ထွက်တိုင်း Mask တပ်ရန်နှင့် မကြာခဏ လက်ဆေးရန်တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးမှ ပြန်လည်ရုပ်သိမ်းထားခြင်းမရှိသေးသည့်အတွက် ယင်းသတိပေး ထုတ်ပြန်ချက်များကိုလည်း သတိပြုရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အတူ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါတတိယလှိုင်းတွင် သေဆုံးသူအရေအတွက်မှာ ယခင်ဖြစ်ပွားခဲ့သည့် COVID-19 ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလများနှင့် နှိုင်းယှဉ်လျှင် အရေအတွက်ပိုများလာသည့်အတွက် မပေါ့ဆရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ဇူလိုင် ၅ ရက်နေ့က သတိပေးထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဇူလိုင် ၅ရက် ညနေ့ ၈ နာရီအထိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၆၈,၃၇၄) ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ (၁၃၉,၄၇၃) ဦး နှင့် သေဆုံးသူစုစုပေါင်း (၃,၄၆၁) ဦးရှိကြောင့် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။
https://www.facebook.com/dmgnewsagency/posts/2054785571340510