By Western News/ 2021 July 20

ရခိုင်ပြည်နယ် စစ်တွေမြို့မှ မြို့နယ်အသီးသီးသို့ပြေးဆွဲနေသည့် ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းကို ယနေ့ ဇူလိုင်လ ၂၀ ရက် ညနေပိုင်းမှစ၍ လာမည့် သြဂုတ်လ ၄ ရက်နေ့အထိ ၁၅ ရက်ကြာရပ်နားသွားမည်ဖြစ်သည်ဟု ယင်းရေကြောင်းလိုင်းမှ တာဝန်ရှိသူကပြောသည်။
ရပ်နားလိုက်သည့်ရေလိုင်းကြောင်းများမှာ စစ်တွေမှ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်ဖြူ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်နီမော် တို့ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေး ပူးပေါင်းပါဝင်သည့်အနေဖြင့် ယခုလို ရပ်နားလိုက်ရခြင်းဖြစ်သည်ဟု ရွှေပြည်တန် အမြန်ရေယာဉ်မှ မန်နေဂျာ ဦးစံမော်သိန်းကပြောသည်။
“ ဒီနေ့ညနေပိုင်းကစလို့ ရေလိုင်းခရီးစဉ်အကုန်လုံးကို ရပ်နားသွားမှာဖြစ်တယ်။ သြဂုတ်လ ၄ ရက်နေ့အထိ။ ကိုဗစ်ရောဂါကြောင့် ရပ်နားလိုက်တာ။ ဘာတစ်ခုကိုမှမဆွဲတော့ဘူး” ဟု ပြောသည်။
ယင်းအပြင် စစ်တွေမှ ရသေ့တောင်၊ ဘူးသီးတောင်မြို့သို့ ပြေးဆွဲနေသည့် မလိခ အမြန်ရေယာဉ်လိုင်း ခရီးစဉ်ကို လည်း ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိရပ်နားသွားမည်ဖြစ်သည်ဟု မလိခမှ မန်နေဂျာ ဦးအောင်ကိုလင်းက ပြောသည်။
“ ကျွန်တော်တို့က ရသေ့တောင်နဲ့ ဘူးသီးတောင်နှစ်ခုကိုပဲဆွဲတာ။ အခုကိုဗစ်ကြောင့် မလိခပြေးဆွဲတာကို ရက် အကန့်အသတ်မရှိ ရပ်နားလိုက်တာဖြစ်တယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားသည့် အချိန်မှ ၂ လကျော်အတွင်း ကိုဗစ်ရောဂါကူး စက်ခံရသူ ၁၄၄၂ ဦးနှင့် ကိုဗစ်ကြောင့်သေဆုံးသူ ၄၁ ဦးထိရှိကြောင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
https://www.facebook.com/westernnewsagency/posts/333696531770191