By VOA/ 2021 July 5

ကိုဗစ်ကပ်ရောဂါ ကူးစက်သူများလာနေတဲ့ ရခိုင်ပြည်နယ်ထဲမှာ ကိုဗစ်စည်းကမ်းတွေကို တင်းကြပ်နေတာမှာ နှာခေါင်းစည်းမတပ်သူတွေကို အရေးယူသွားမယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ စားသောက်ဆိုင်တွေကိုလည်း ကိုဗစ်စည်းကမ်းနဲ့ အညီ ဖွင့်လှစ်ဖို့ ညွန်ကြားထားပါတယ်။ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၀ ခုမှာ ကိုဗစ်အတည်ပြုလူနာတွေရှိနေတာမို့ စည်းကမ်းချက် တွေ ထုတ်ပြန် ကြတ်မတ်လိုက်တဲ့အကြောင်း ရခိုင်ကလာတဲ့သတင်း ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၀ ခုမှာ ဂျူလိုင်လ ၄ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစု ပေါင်း ၄၀၀ ကျော်ရှိနေပါတယ်။စစ်တွေမြို့တော်နဲ့ မောင်တောမြို့နယ်တွေမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်သူ အများဆုံးရှိတယ်လို့ ပြည်နယ်ကုသရေး ဦးစီးဌာနမှူးဒေါက်တာကြည်လွင်က ဒီနေ့ သတင်း ထောက်တွေကို တွေ့ဆုံပြောကြားခဲ့ပြောပါတယ်။“၂၀၂၁ခု မှာ ကျနော်တို့ မေလ ၁၂ ရက်နေ့ကနေစပြီးတော့ ရခိုင်ပြည်နယ်မှာ ပထဆုံး ကိုဗစ်တွေ့ရှိလူနာ စစ်တွေမှာ တွေ့ရှိခဲ့ပါတယ်။ မနေ့က အထိကိုဗစ်ဖြစ်ပွားမှု လုူနာ စုစုပေါင်း ၄၁၀ ရှိပါတယ်ခင်မျာ။ မြို့နယ် ၁၀ ခုမှာ ဖြစ်နေတာပါခင်မျာ။ ကူးစက်မှုအများဆုံး ပိုးတွေ့တဲ့ လူတွေကတော့ စစ်တွေ၊ မောင်တော အများဆုံးဖြစ်ပါတယ်။ တတိယကတော့ ဘူးသီးတောင်နဲ့ သံတွဲ ဖြစ်ပါတယ်။ ကျန်တဲ့ မြို့နယ်မှာတော့ များသောအားဖြင့် ဆယ်ယောက် အောက်တွေမှာပဲ တွေ့ပါတယ်။ မနေ့ကအထိ မောင်တောမှာ ၁၇၉ ယောက် စစ်တွေမှာ ၁၀၆ ယောက်ရှိပါတယ်။”
ခုလို အတည်ပြုနာတွေ တိုးလာနေတာကြောင့် ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှု အသိပညာပေး လုပ်ငန်းတွေ တိုးမြှင့် လုပ်ဆောင်နေသလို နှာခေါင်းစည်းမတပ်သူတွေကို အရေးယူ ဒဏ်ခတ်သွားမယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီပြောခွင့်ရ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကပြောပါတယ်။
“Maskတွေကို အလကားပေးနိုင်အောင်လုပ်မယ်။ ၅ ရက်လောက် ပေးပြီးရင်တော့ mask မတပ်တဲ့သူတွေကို အရေးယူတဲ့ အနေအထားလေးတွေလုပ်ဖို့လည်း စီမံထားပါတယ်။ အရေးယူတဲ့အခါမှာ မလိုအပ်ဘဲနဲ့ဒဏ်ငွေရိုက်တာ၊ ဥပဒေနဲ့မညီတဲ့အလုပ်တွေကိုတော့ မလုပ်ပါဘူး။ သို့သော် ဘာလုပ်မလဲဆိုတော့ mask မတပ်တဲ့သူတွေကို mask ပေးပြီး တော့ ပိုက်ဆံပေးခိုင်းမှာပါ။ ပိုက်ဆံပေးခိုင်းတယ်ဆိုတာကတော့ mask တခုကို တရာပေးရလို့ သူတို့ကို တရာပေးခိုင်းမှာမဟုတ်ဘူး။ ကျနော်တို့က mask ငါးခုလောက်ပေးမယ်။ ပိုက်ဆံ နှစ်ထောင်ဖြစ်ဖြစ်ဒဏ်ရိုက်မယ်။ ဒဏ်ရိုက်တယ်ဆိုတာကလည်း ဥပဒေမှာပါတဲ့ အတိုင်း တရားရုံးမှာ ဒဏ်ရိုက်သလို မဟုတ်ပါဘူး။ တခြားသူတွေ mask မပါဘဲ သွားလာနေတာမျိုး မဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
ရခိုင်ပြည်နယ်တွင်းက စားသောက်ဆိုင်တွေကိုလည်း ကျန်မာရေးနဲ့ အားစာကားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းကမ်းတွေနဲ့ အညီဆောင်ရွက်ဖို့နဲ့ ပါဆယ်စနစ်တွေနဲ့ ရောင်းချဖို့ ညွန်ကြားထားတယ်လို့လည်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီပြောခွင့်ရ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကပြောပါတယ်။
“စျေးဆိုင်တွေနဲ့ပတ်သက်ပြီး ဘယ်လို စီမံခဲ့သလိုဆိုတော့ အစားအသောက်ရောင်းတဲ့ဆိုင်တွေမှာ ထိုင်စားမယ်ဆိုရင် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အတိုင်း စားသုံးသူကိုတဦးနဲ့ တဦး အကာအကွယ်တွေ လုပ်ကြရမှာ ဖြစ်ပါတယ်။ အရင်တုန်းကလို စားပွဲမှာ လွတ်လွတ်လပ်လပ်စားတဲ့ စနစ်မဟုတ်ဘဲနဲ့ စားသုံးသူ အချင်းချင်း မထိစပ်နိုင်အောင် တယောက်နဲ့ တယောက် သဘောပြောရရင်တော့ စားသုံးသူ အကွာအဝေးတွေ ရအောင်လုပ်ပေးဖို့ ကျနော်တို့က အခုစီမံထားပါတယ်။ အဲဒီလို မလုပ် နိုင်ဘူးဆိုရင်တော့ ပါဆယ်စနစ်နဲ့ ရောင်းနိုင်အောင် လုပ်ပါဆိုပြီးတော့ အခု ညွန်ကြားချက်တွေ ထုတ်ထားတာပါတယ်။ မနေ့က အသိပေးပြီးသားဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဌာနတွေ အစုံပါတဲ့အခါမှာ ဌာနတွေကတော့ သက်ဆိုင်ရာ စားသောက်ဆိုင်တွေကို အကြောင်းကြားပြီး ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ လက်ရှိအဲလို ဆောင်ရွက်ထားပါတယ်။”
ရခိုင်ပြည်နယ်အတွင်းကစစ်တွေ၊ တောင်ကုတ်၊ သံတွဲ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူနဲ့ ဂွမြို့နယ်တွေမှာ ဂျူလိုင် ၄ ရက်နေ့ အထိ ကိုဗစ်-၁၉ ကူစက်ခံ ထားရသူ ၄၁၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၃ ဦးနဲ့ နေပြန်ကောင်းသွားသူ ၉၅ ယောက် ရှိတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
ကိုဗစ်တတိယလှိုင်းရဲ့ရိုက်ခတ်မှုခံနေရတဲ့ ရခိုင်ပြည်နယ်မှာ အခြေအနေကို အမြဲမပြတ်စောင့်ကြည့် နေပြီး အခြေအနေအလိုက် ကိုဗစ် စည်းကမ်းတင်းကြပ်မှုတွေ လုပ်သွားမယ်လို့ အာဏာပိုင်တွေဘက်က သတင်းထောက်တွေကိုပြောပါတယ်။ ပြည်သူတွေအနေနဲ့ လည်း ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကိုဗစ် စည်းကမ်းတွေကို လိုက်နာကြဖို့ ရခိုင်ပြည်နယ်ကောင်စီတာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။
https://www.facebook.com/VoA.Burmese.News/posts/10159270870805170