By VOA/ 2021 July 5

ရခိုင်တွင် ကိုဗစ်ရောဂါတွေ့ရှိသူများလာသောကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို နှစ်ပတ်ကြာ ပိတ်သွားမည်ဟု ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ဇူလိုင် ၅ ရက်နေ့ ပြည်နယ်ဥပဒေချုပ်ရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကကြီးမှူးပြီးပြုလုပ်သည့်ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီအစည်းတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများအား နှစ်ပတ်ကြာပိတ်ထားရန်စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့် ရှိသူပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကပြောသည်။
လက်ရှိတွင် သက်ဆိုင်ရာ ကုန်သည်များ သက်ဆိုင်ရာ အဖွဲ့အစည်များနှင့် နယ်စပ်ကုန်သွယ်ရေးဆက်စပ်သောအဖွဲ့စည်းများအား အသိပေးထားပြီဖြစ်ကြောင်း၎င်းကဆက်ပြောသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်သောနေရာနှစ်ခုရှိပြီး မောင်တောမြို့နယ်၊ ကညှင်းချောင်းစီးပွားရေးဇုံနှင့် စစ်တွေမြို့နယ် ရွှေမင်းဂံ ကုန်သွယ်ရေးဆိပ်ကမ်းတို့မှ ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်သည်။ အဆိုပါ ကုန်သွယ်ရေးစခန်းများအား ကိုဗစ်ဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ် ဩဂုတ်လ မှစတင်ကာ ၂၀၂၁ခုနှစ် ဧပြီလ အထိ ၈ လကျော်ကြာပိတ်ထားခဲ့သည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့မှစ၍ ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးသွားလာသူများမှတစ်ဆင့် ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်းတွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရခိုင်တွင် ကိုဗစ်တတိယလှိုင်း၌ ကိုဗစ်အတည်ပြုလူနာ ၄၁၁ ဦးရှိပြီး သေဆုံးသူ ၃ ဦးထိရှိ ပြီဖြစ်ကာ ရောဂါပိုးတွေ့ရှိ သူများထဲတွင် ကိုဗစ်ကာကွယ်ဆေးထိုးထားသူများလည်းပါဝင်ကြောင်း ပြည်နယ်ကျန်းမာရေးဌာန၏ အတည်ပြု ချက်အရသိရသည်။
https://www.facebook.com/westernnewsagency/posts/323823219424189