ရခိုင်တွင် COVID-19 တတိယလှိုင်းအတွင်း ရောဂါပိုးကူးစက်ခံရသည့်လူနာများ သေဆုံးမှု များပြားလာနေ

By Development Media Group (DMG)/ July 12

ရခိုင်ပြည်နယ်အတွင်း COVID-19 တတိယလှိုင်းအတွင်း ရောဂါပိုးကူးစက်ခံရသည့်လူနာများ သေဆုံးမှုများပြားလာနေပြီး ဇူလိုင် ၁၁ ရက်နေ့အထိ သေဆုံးသူ ၁၃ ဦးအထိရှိလာကြောင်း ပြည်နယ်စစ်ကောင်စီ၏ စာရင်းအချက်အလက်အရ သိရသည်။

အဆိုပါ သေဆုံးသူများမှာ စစ်တွေတွင် ၃ ဦး၊ ကျောက်ဖြူတွင် ၁ ဦး၊ သံတွဲတွင် ၂ ဦး၊ တောင်ကုတ်တွင် ၂ ဦးနှင့် မောင်တောတွင် ၅ ဦးတို့ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “ကျွန်တော့ဆီကိုတော့ မနေ့က ညနေ့ ၄ နာရီအထိ ၁၂ ဦးပဲရောက်သေးတယ်။ မနေ့က ၅၇ ယောက်ထပ်တိုးတယ်။ ပြည်သူတွေကို အဓိကပြောချင်တာကတော့ မိမိကိုယ်ကို ကာကွယ်စေချင်တယ်။ အပြင်သွားရင်လည်း mask ကို စနစ်တကျတပ်ပြီးတော့သွားစေချင်တယ်။ နောက်ပြီးတော့ လူစုလူဝေးရှိတဲ့နေရာတွေကို ရှောင်စေချင်တယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ဇူလိုင် ၁၁ ရက်နေ့က COVID-19 ပိုးတွေ့လူနာ သံတွဲတွင် ၂ ဦးနှင့် ကျောက်ဖြူတွင် ၁ ဦး သေဆုံးသွား ခဲ့ကြောင်း သိရသည်။

မျိုးရိုးဗီဇပြောင်း COVID-19 ရောဂါပိုးတွေ့ရှိသူများလာသည့်အတွက် ဇူလိုင်လ ၉ ရက်နေ့ကစ၍ ဇူလိုင်လ ၂၃ ရက်နေ့အထိ ဘကကျောင်းများအပါအဝင် အခြေခံပညာရေးကျောင်းများအားလုံးကို ယာယီပိတ်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက ပန်ကြားချက် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ မြင့်တက်လာနေသည့်အပြင် အိမ်နီးချင်းနိုင်ငံများတွင်လည်း ရောဂါဖြစ်ပွားမှု မြင့်တက်နေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုအား ပြည်နယ်စစ်ကောင်စီမှ ဇူလိုင် ၁၅ ရက်နေ့မှစ၍ ယာယီ ပိတ်ထားမည်ဟု ပြောကြားထားသည်။

ရခိုင်ပြည်နယ်အတွင်း ဇူလိုင် ၁၁ ရက်နေ့ ညနေပိုင်းအထိ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၈၅၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှသိရပြီး အဆိုပါ ရောဂါပိုးတွေ့ရှိသူများမှာ စစ်တွေ၊ မောင်တော၊ သံတွဲ၊ ဘူးသီးတောင်၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူ၊ ဂွ၊ တောင်ကုတ်၊ မြောက်ဦး၊ ရမ်းဗြဲနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁၁ ရက် ညနေ့ ၈ နာရီအထိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၉၂,၂၁၃ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၁၄၆,၃၅၈ ဦးနှင့် သေဆုံးသူစုစုပေါင်း ၃,၈၃၈ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2059366047549129

Leave a Reply

Your email address will not be published.